လေးမျက်နှာမြို့၌ CASH FOR WORK စီမံကိန်း ကျေးရွာများရှိ ကော်မတီဝင်များအား ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်း ပို့ချ

လေးမျက်နှာ ဇူလိုင် ၁၄

နိုင်ငံတော်၏ Covid-19 Economic Relief Plan အရ ကျေးရွာကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဖော်ထုတ်ပြီး ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများချက်ချင်းဝင်ငွေရရှိ စေရန်အတွက် Cash for work စီမံကိန်း ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ ကော်မတီဝင်(၄၉)ဦးအား ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းပို့ချပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် ဟင်္သာတခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်တို့က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်ဝေထွန်းက နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လေးမျက်နှာ မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် အဆိုပါ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခုလို သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ထိုနောက် လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ဦးအောင်ဝေထွန်းက ကျေးရွာကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ရမည့် လုပ်ငန်းအဆိုပြု လွှာရေးဆွဲခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ငန်းစဉ်များအတွက် စီမံခန့်ခွဲရာတွင် ဗဟုသုတစွမ်းရည်၊ ယုံကြည်ချက်နှင့် အသင်းအဖွဲ့လိုက် ဆောင်ရွက်မှုများ တိုးတက်လာစေရန်၊ ကျေးရွာကော်မတီများ၏ လုပ်ငန်း တာဝန်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ သိရှိစေရန်၊ ဝယ်ယူရေးလုပ်ငန်းများ၊ ငွေကြေး စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများ၊ စောင့်ကြည့်ကြီး ကြပ်ရေးလုပ်ငန်းများနှင့် ပုံစံများ အသုံးပြုနားလည်စေရန် စသည့်(CFW) စီမံကိန်းလုပ်ငန်း ရည်ရွယ်ချက်များကို တက်ရောက် လာသော (CFW) ကျေးရွာ(၇)ရွာမှ ကော်မတီဝင်(၄၉)ဦးအား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)

https://www.moi.gov.mm/iprd/?q=news/%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/14/07/2020/id-23754