ဆောမြို့တွင် Cash for Work စီမံကိန်း အကောင် အထည်ဖော်ရေး ဆွေးနွေး

ဆော ၊ ဇူလိုင် ၂၂

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင် ကျေးလက်နေ အခြေခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည့် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်း အတည်ပြုပေးနိုင်ရေးအတွက် TPIC လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းများနှင့် ပတ်သတ်၍ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာ ရှိ ဒေါ်မြစန်းလင်းက အခုလို ပြောကြားပါတယ်။

“ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ဌာနဆိုင်ရာတွေ ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ဖိတ်ကြားပြီးတော့ မြို့နယ် အထွေထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန ရုံးမှာပဲ TPIC အစည်းအဝေးကို ကျင်းပခဲ့ပါတယ်၊ အဲဒီ အစည်းအဝေးမှာတော့ Cash for Work စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စီမံခန့်ခွဲမှု အစည်းအဝေးတွေနဲ့ အတည်ပြုချက် ရရှိဖို့အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ Cash for Work စီမံကိန်းအနေနဲ့ ၃ ရွာ ရရှိထားပြီး ဖြစ်ပါတယ်။ အဲဒီ ကျေးရွာ ၃ ရွာကတော့ ကြိမ်ကြီးကျေးရွာ၊ ကြီမ်ကြီး ကျေးရွာနဲ့ လယ်ဦးကျေးရွာ တို့ ရရှိပါတယ်။

အဲဒီ ကျေးရွာ သုံးရွာမှာ မူလ ပထမ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အတူ ကျေးရွာကို သွားရောက်ကြည့်ရှုပြီး၊ ကျေးရွာ သုံးရွာမှာ ကော်မတီ ဖွဲ့စည်းတယ်၊ မိတ်ဆက် ရှင်းလင်း ခြင်းတွေ ဆောင်ရွက်တယ်၊ ကျေးရွာသူ ကျေးရွာသားတွေကို လုပ်အားခ ပေးချေတဲ့ စီမံကိန်း အဖြစ် ဆောင်ရွက်ဖို့ အတွက် ရည်မှန်း ပြီး၊ ဒီ စီမံကိန်းမှာ ကျေးရွာက ဘယ်လို လုပ်ငန်းမျိုးကို လုပ်ကိုင်ကြမှာလဲ ဆိုပြီးတော့ ရွေးချယ်ခိုင်းပါတယ်။

ဒီ ကျေးရွာ ၃ ရွာက ကော်မတီ အဖွဲ့ကို ခေါ်ပြီးတော့ ကျေးရွာမှာ သင်တန်းပေးပါတယ်။ သင်တန်းပေးတဲ့ အချိန်မှာ Cash for Work စီမံကိန်းသည် ကျေးရွာ တစ်ရွာကို ကျပ် သိန်း တစ်ရာ ရရှိမှာ ဖြစ်ပါတယ်။ အဲဒီ ကျပ် သိန်း ၁၀၀ ထဲကမှ အုပ်ချုပ်မှု ရာခိုင်နှုန်းအဖြစ် ၂ ရာခိုင်နှုန်း သုံးစွဲခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။ ၆၀ ရာခိုင်နှုန်းကို လုပ်အားခ အဖြစ် သတ်မှတ်ပေးပြီး၊ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကို ပစ္စည်းတန်ဖိုး ဝယ်ယူမှု အတွက် သတ်မှတ်ထားပြီး၊ ကျေးရွာတွေ အနေနဲ့ အသေးစိတ် သိရှိနိုင်ရန် ရှင်းလင်း ပြောကြားထားခဲ့ပါတယ်။

ဒီကျေးရွာ ၃ ရွာ စလုံးမှာ သင်တန်းတွေကို ဆောင်ရွက်ပါမယ်။ ကွန်ကရစ် ရေမြောင်းတွေ ပါမယ်။ ၃ ရွာလုံးကတော့ ရွာတွင်းလမ်းလေးတွေကို ရွေးချယ်တာ ဖြစ်တဲ့အတွက် ရွာတွင်း လမ်းတွေမှာ လိုအပ်တဲ့ နေရာတွေမှာ ကွန်ကရစ် ရေမြောင်းတွေကို ထည့်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာတွေမှာလည်း အမျိုးသမီး မိသားစု ဦးဆောင်တဲ့ အိမ်ထောင်စုက လူတွေရယ်၊ နောက်ပြီးတော့ သက်ကြီး ရွယ်အိုတွေ မသန် မစွမ်းတွေ ပါတဲ့ အိမ်ထောင်စုတွေကို အဓိက ထားပြီး၊ လုပ်အားခ ပေးချေဖို့ကို ကော်မတီ အဖွဲ့ဝင်တွေက ရွေးချယ်ဖို့ ကို အစည်းအဝေးတွေမှာ အသေးစိတ် ရှင်းလင်း ပြောကြား ထားခဲ့ပြီး ဖြစ်ပါတယ်။"

ဆောမြို့နယ်အတွင်း Cash for Work လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ချောင်းကူး၊ ကြိမ်ကြီး၊ လယ်ဦး ကျေးရွာများ ဖြစ်ကြောင်း သိရပါတယ်။

ခိုင်ခိုင်ဇာ (ဆော)

https://web.facebook.com/MOIWebportalMyanmar/videos/1860115034128577/?t=31