ပွင့်ဖြူမြို့နယ် တောင်အင်းရွာသစ်ကျေးရွာတွင် Cash for Work စီမံကိန်း ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှု များကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေး Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အငယ်တန်းအင်ဂျင်နီယာ - ၂ ဦးသူရိန်ထွန်းနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် တောင်အင်းရွာသစ်ကျေးရွာသို့ သွားရောက်ပြီး Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ - ၂ ဦးသူရိန်ထွန်း နှင့် ဝန်ထမ်းများအဖွဲ့သည် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ Cash For Work စီမံကိန်းငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာတွင်းလမ်း အရှည်ပေ ၂၆၅၀ ပေ အား ၊ လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီခင်းခြင်းလုပ်ငန်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း အရှည်ပေ ၂၀၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီခင်းခြင်းလုပ်ငန်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြသည်။ ထို့နောက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ပက်သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အများပြည်သူ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကိုင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း ကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများ အနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းဖြင့် မိသားစု ဝင်ငွေ တိုးပွားလာစေကာ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး Cash For Work စီမံကိန်းကို ပွင့်ဖြူမြို့နယ် အတွင်း ကျေးရွာပေါင်း(၁၂)ရွာတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း(၁၁)ခု ၊ ကျောက်ရိုး စီရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း (၁)ခု တို့ကို ကျေးရွာတစ်ရွာလျှင် သိန်း(၁၀၀)စီ ထောက်ပံ့၍ (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ) သုံးလကြာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းလုပ်ငန်းကို ကျေးရွာပေါင်း(၁၁)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%2F22%2F07%2F2020%2Fid-24701&fbclid=IwAR3MIxwbxJrTJ3quhNA4nlZUzf3LoZlCoEJcBipdE5Mc5ABejIoeEC6c9G0