ပေါက် ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP) အရ ကျေးလက်ဒေသနေ ပြည်သူများ၏ မိသားစုဝင်များ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း မိတ်ဆက်ရှင်းလင်း ခြင်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆယ်ပင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ထန်းပေါက်ကုန်းကျေးရွာများမှ ကျေးရွာကော်မတီဝင် (၂၁) ဦးအား သင်တန်းဖွင့်လှစ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပေါက်မြို့နယ် ဆယ်ပင်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်က သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော့မောင်မောင်က Cash For Work စီမံ ကိန်းနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်း စဉ်များကို ချပြရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများက ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
၎င်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးများဖြစ်သော ဒေါ်ဆန်းကြွယ်၊ ဒေါ်အိသူဇာဝင်းနှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာ (၃) တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ စီမံကိန်း ကော်မတီဝင် (၂၁) ဦးအား စီမံခန့်ခွဲမှုနှင့် စာရင်းဇယား ဖြည့်သွင်းနည်းများကို မိမိတို့ကဏ္ဍ အလိုက် သင်ကြားပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကျေးလက်နေ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေကာ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးမှုတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းကို ပေါက်မြို့နယ်အတွင်း ကျေးရွာပေါင်း (၈) ရွာတွင် ကျေးရွာတစ်ရွာလျှင် သိန်း (၁၀၀) စီ ထောက်ပံ့၍ (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ) သုံးလကြာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခု ဇူလိုင်လတွင် လုပ်ငန်းများ စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော့မောင်မောင်ထံမှ သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)
မကွေးတိုင်းဒေသကြီး