ကျောက်တံခါး မြို့နယ်အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work Project Activities in Kyauktaga Completed 100 Percent

Bago, 30 September 2020, Ministry of Information

ကျောက်တံခါး စက်တင်ဘာ ၃၀

ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)အရ Cash For Work စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ကျေးရွာ(၁၁)ရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလတွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP)အရ Cash For Work စီမံကိန်း ထောက်ပံ့ငွေသိန်း (၁၀၀၀)ဖြင့် ရေနုတ်မြောင်း တူးဖော်ခြင်း၊ ကျောက်ရောမြေ ခင်းခြင်း၊ ရေပြွန် ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်း၊ မြေသားလမ်း၊ ဂဝံ လမ်း၊ မြေထိန်းနံရံ ဆောင်ရွက်ခြင်း၊ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်း အမျိုးအစား(၈)ခု၊ လုပ်ငန်း ခွဲပေါင်း(၃၃)ခုအား ဆောင်ရွက်ခဲ့ရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ နည်းပညာများ ပံ့ပိုးပေးပြီး စီမံကိန်း လုပ်ငန်းတွင် ပါဝင်သည့် ကျေးရွာများမှ ဒေသခံများ ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်စေခြင်းဖြင့် လုပ်အားခ ဝင်ငွေ ချက်ချင်းရရှိကာ မိသားစု စီးပွားရေးကို အထောက်အကူ ပြုခဲ့ပါသည်။

အဆိုပါ စီမံကိန်း လုပ်ငန်းများအား ကျောက်တံခါး မြို့နယ် အတွင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက အနီးကပ် ကြီးကြပ်၍ ဇူလိုင်လ စတုတ္ထပတ်မှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ တတိယပတ်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13629