ဟားခါးမြို့နယ် အတွင်း ကျေးရွာ (၁၅) ရွာရှိ ငွေကျပ်သိန်း (၁၅၀၀) ဖြင့် Cash for Work စီမံကိန်း ဆောင်ရွက်သည့် လုပ်ငန်း အားလုံး၏ ၁၀၀ ရာခိုင်နှုန်းပြီးစီး

ဟားခါး စက်တင်ဘာ ၂၃

နိုင်ငံတော်အစိုးရ၏ COVID-19 Economic Relief Plan(CERP) အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနက ကိုဗစ်-၁၉​ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေရရှိရေး လုပ်ငန်းများ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကုစားနိုင်ရေးအတွက် ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေ ချီးမြှင့်ခြင်းကို ဟားခါးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၁၅)ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်း စုစုပေါင်း ငွေကျပ်သိန်း (၁၅၀၀)ဖြင့် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် လုပ်ငန်းအားလုံး၏ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဟားခါးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၁၅)ရွာ၊ အိမ်ထောင်စုပေါင်း (၆၈၁)စု၊ လူဦးရေ စုစုပေါင်း (၃၀၆၇)ဦး အတွက် စုစုပေါင်း ငွေကျပ် သိန်း(၁၅၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရွာတွင်း ရေမြောင်းတူးဖော်ခြင်းနှင့် ကျောက်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်း(၃)ခု၊ ကျောက်ရော မြေခင်းခြင်း လုပ်ငန်း(၁)ခု၊ တောင်ယာသွားလမ်းဖောက်ခြင်း လုပ်ငန်း(၁၀)ခုနှင့် ရွာတွင်းလမ်း ဖောက်ခြင်းလုပ်ငန်း(၁)စသည့် စီမံကိန်းလုပ်ငန်းခွဲ(၁၅)ခုကို ကျေးရွာနေ ပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် လုပ်ငန်း အားလုံး၏ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှ သိရသည်။

နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉​ ရောဂါကြောင့် လူမှုစီးပွားကုစားမှုအနေဖြင့် ဆောင်ရွက်ပေးသည့် ကျေးရွာ ကုန်ထုတ် လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် လုပ်အားခဝင်ငွေ ချက်ချင်းရရှိလာခြင်း၊ ကျေးလက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့ခြင်းများကြောင့် ကျေးလက်နေ ပြည်သူများအနေဖြင့် ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/node/12456?fbclid=IwAR3z2AUIOHIKHDbDz16C_anlgfLmPSF7WqJGeUBoLehTJUxBAcfk1P566Qc