Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများအတွက် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက CERP အစီအစဉ်အရ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ Cash for Work စီမံကိန်း၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေတွေ သိရှိနိုင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးတွေနဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၄ ရက် နေ့လည် ၁ နာရီ အချိန်က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်က အစည်း အဝေး ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ညွှန်ကြားချက်တွေနဲ့ အညီ နေထိုင်ကြဖို့နဲ့ အခက်အခဲတွေကြားမှ စီမံကိန်းလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်း တစ်ဦးချင်းစီတိုင်းကို မိမိအနေနဲ့ ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးတွေက CERP အစီအစဉ်အရ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိတဲ့ Cash for Work စီမံကိန်းနဲ့ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းလုပ်ငန်းတွေ၊ ဦးစီးဌာန ရန်ပုံငွေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ဘဏ္ဍာငွေ သုံးစွဲမှု အခြေအနေတွေ၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တင်ဒါ လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အားသာချက်၊ အားနည်းချက်တွေ ကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေး မှူးချုပ်က လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီနောက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်တွေက တိုင်း ဒေသ ကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး တွေရဲ့ တင်ပြချက်တွေ အပေါ် ကဏ္ဍ အလိုက် လိုအပ်ချက်တွေ၊ ဘဏ္ဍာ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို ဖြည့်စွက် ဆွေးနွေး ကြပြီး ညွှန်ကြားရေးမှူးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။

အဲဒီ ဗီဒီယိုကွန်ဖရင့်စနစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) က ညွှန်ကြားရေးမှူး ချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးတွေ၊ ဒုတိယ ညွှန်ကြားရေးမှူးတွေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန အသီးသီး ဦးစီးမှူးတွေ၊ ဘဏ္ဍာရေး အဖွဲ့တွေ၊ M&E အဖွဲ့တွေ စုစုပေါင်း ၁၈၀၀ ဦး တက်ရောက် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရ ပါတယ်။

သတင်း - သန်းလွင် (မကွေး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage