ပွင့်ဖြူမြို့နယ် တောင်အင်းရွာသစ်ကျေးရွာတွင် Cash for Work စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပွင့်ဖြူ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည် ကုစားပေးသည့်အနေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပွင့်ဖြူမြို့နယ် တောင်အင်းရွာသစ်ကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှု များအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့် Cash For Work စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ကျေးရွာပေါင်း ၁၂ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် (၁၀၀)စီ အသုံးပြု၍ ကျေးရွာ နေပြည်သူများ ဝင်ငွေရရှိစေရန် လုပ်အားခပေးချေ ခြင်းစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ Cash For Work စီမံကိန်းဝင် ကျေးရွာ(၁၂)ရွာအနက် ပွင့်ဖြူမြို့နယ် တောင်အင်းရွာသစ်ကျေးရွာတွင် ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာနေပြည်သူများ၏ လုပ်အားဖြင့် ဇူလိုင်လ စတုတ္ထပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား စီမံကိန်းပါ မူဘောင်များ နှင့် အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ စက်တင်ဘာ ၂ ရက် ၊ ညနေ ၄ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ တိုင်းတာစစ်ဆေးပြီး ဒေသခံစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံ၍ စီမံကိန်းရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းလမ်းအား ရေရှည်အသုံးပြုသွားလာနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း Cash For Work စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို တောင်အင်းရွာသစ်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း(၁၂)ရွာတွင် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ် ခင်းခြင်း ၊ ရေနုတ်မြောင်းတူးဖော်ခြင်း ၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ၏ ပြောပြချက်အရ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/8603