Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နှင့် ပုသိမ်ကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ဧရာဝတီတိုင်းဒေသကြီ

နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အရ ကျေးလက်နေ အိမ်ထောင်စုများ ဝင်ငွေ လျော့်နည်းလာမှုနဲ့ စားဝတ် နေရေး အခက်အခဲများကို ကုစားနိုင်ဖို့ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ Cash for Work စီမံကိန်း၊ ကျေးရွာ မတည်ရန်ပုံငွေ VRFP စီမံကိန်း တို့အား မိတ်ဆက် ရှင်းလင်းခြင်းနဲ့ ကော်မတီ ဖွဲ့စည်းခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ကျင်းပလျက် ရှိပါတယ်။

အဆိုပါ အခမ်းအနားများကို ဇူလိုင်လမှာ မန္တလေးတိုင်း ဒေသကြီး၊ တောင်သာ မြို့နယ် အတွင်းရှိ ထန်းပင်ကန်၊ ထနောင်းကုန်း၊ အောင်ချမ်းသာနဲ့ ကတတ်ကုန်းနှင့် အင်ကြင်းသာတောကျေးရွာများတွင် လည်းကောင်း၊ ပုသိမ်ကြီး မြို့နယ် အတွင်းရှိ မင်းကန် ကျေးရွာနှင့် ဇီးတော ကျေးရွာတို့မှာ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် တွံ့တေးမြို့နယ် အတွင်းရှိ ကုလားတန်း ကျေးရွာနှင့် ထန်းတစ်ပင်စု ကျေးရွာ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၊ ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မ မြို့တို့နဲ့ မြောက်ခုံ ကျေးရွာနဲ့ သံတင်းကျေးရွာ တို့မှာ လည်းကောင်း၊ စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းများကို ကျင်းပခဲ့ကြပါတယ်။

ဒါအပြင် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာမှာ ကော်မတီများနဲ့ ကျေးရွာ တာဝန်ခံ ဝန်ထမ်းများအား ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်း ပို့ချခြင်းကို ယခုလ ၁၁ ရက်နေ့က ဇလွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပ ခဲ့ပါတယ်။

ယခုလို ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလ အတွင်း ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း မပျောက်ပျက်စေရေးနှင့် လုပ်အားခ ပေးချေခြင်းဖြင့် ဝင်ငွေ ရရှိစေဖို့ ရည်ရွယ်ကာ ဒီ စီမံကိန်းများကို အကောင် အထည်ဖော်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - တိုင်းဒေသကြီးနှင့် ပြည်နယ် ပြန်/ဆက်

https://www.mrtv.gov.mm/mm/news-81054