ပခုက္ကူ စက်တင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှု အခြေအနေတို့အား တာဝန်ရှိသူများက ဩဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းက ကွင်းဆင်း စစ်ဆေးကြသည်။
ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးသန့်ဇင်ထွန်း နှင့်အဖွဲ့မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း (၁၀၀) စီဖြင့် လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်၊ မြို့ခင်းသာ အုပ်စု၊ မှိုက်ပင်ကုန်းနှင့် မကျီးသုံးပင်အုပ်စု၊ သစ်ပုလွေ ကုန်းကျေးရွာတို့၌ အရှည် ၆၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၆ လက်မ ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း၊ မကျီးပင်ပုအုပ်စု၊ မကျီးပင်ပုကျေးရွာ၌ အရှည် ၁၀၀၀ပေ၊ အကျယ် ၃ပေ၊ ထုထည် ၆လက်မရှိသည့် ကျေးရွာတွင်း ကွန်ကရစ်ဘီး လမ်းခင်းခြင်း၊ ဖောင်းကွဲအုပ်စု၊ မကျီးတန်းကျေးရွာ၌ အရှည် ၃၀၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၉လက်မရှိသည့် ကျေးရွာတွင်းမြေနီ ကျောက်စရစ် ခင်းခြင်း စသည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမှုအခြေအနေ တို့အား ကွင်းဆင်းစစ်ဆေးကြရာ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းများ၊ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်း တင်ပြကြသည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေ မိသားစုများ ဝင်ငွေလျော့နည်း လာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားပေး နိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ကျေးရွာ ပြည်သူလူထု ကိုယ်တိုင် မိမိတို့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်ကာ ချက်ချင်း လုပ်အားခ ပေးချေမှုစနစ် ဖြင့် မြို့နယ်အတွင်း ကျေးရွာ(၁၂)ရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြ ခြင်းဖြစ်ပြီး ကျေးရွာ ခြောက်ရွာတွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ရာ အဆိုပါကျေးရွာရှိ ကျေးလက်နေ ပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရာတွင် များစွာ အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း သိရ သည်။
ဆလိုင်းကိုကီး
https://www.moi.gov.mm/iprd/news/8003