ဟားခါးမြို့နယ်အတွင်း Cash for Work စီမံကိန်း ငွေကျပ်သိန်း (၁၅၀၀) ဖြင့် ကျေးရွာ (၁၅) ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော်ရွက်

ဟားခါး သြဂုတ် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ကိုဗစ် - ၁၉ ​ရောဂါ အကျိုးသက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခ ငွေချီးမြှင့်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံ များ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၅) ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) နှုန်း စုစုပေါင်းငွေကျပ်သိန်း (၁၅၀၀) ဖြင့် Cash for Work စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ Cash for Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၅) ရွာ၊ အိမ်ထောင်စုပေါင်း (၆၈၁) စု၊ လူဦးရေ စုစုပေါင်း (၃၀၆၇) ဦးအတွက် စုစုပေါင်း ငွေကျပ်သိန်း (၁၅၀၀) ဖြင့် လမ်းဖောက်ခြင်းများ၊ ရေမြောင်း ဖောက်လုပ်ခြင်းများ၊ ကျောက်ခင်းခြင်းများနှင့် လမ်းတာချဲ့ခြင်း များစသည့် လုပ်ငန်း (၁၅) ခုကို ကျေးရွာနေ ပြည်သူများကိုယ်တိုင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၁ ရက်နေ့အထိ လုပ်ငန်းတစ်ခုချင်းစီ၏ စုစုပေါင်း ရာခိုင်နှုန်း (၂၈.၉) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရက ကိုဗစ် - ၁၉ ​ရောဂါကြောင့် လူမှုစီးပွား ကုစားမှုအနေဖြင့် ကျေးလက်နေ ပြည်သူများ ချက်ချင်း အလုပ်အကိုင်ရရှိ၍ ဝင်ငွေရရှိရေး၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် ကုန်ထုတ်လုပ်မှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လယ်ယာသားငါး ကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြုစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှ သိရှိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/5833