ကံမမြို့နယ် အတွင်းရှိ ကျေးရွာ (၈) ရွာ၌ Cash for Work စီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ အဆင်ပြေ

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမ မြို့နယ်တွင် ကျေးရွာ ၈ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်း ခံရသော ကျေးလက်ဒေသရှိ ပြည်သူများအား Cash for Work စီမံကိန်းဖြင့် ကျေးရွာ တစ်ရွာ လျှင် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးပြီး၊ ကျေးရွာ ကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာ လူထု ကိုယ်တိုင် လုပ်ကိုင်စေသော နည်းလမ်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိပါ တယ်။

 

ကံမ မြို့နယ်တွင် Cash for Work စီမံကိန်းဆောင်ရွက်နေသော ကျေးရွာများမှာ ထန်းလေးပင် ကျေးရွာ၊ ကရင်စု ကျေးရွာ၊ မင်းတဲ ကျေးရွာ၊ ကျွဲခေါင်း ကျေးရွာ၊ ကျောင်းစု ကျေးရွာ၊ မင်းပြင်သစ် ကျေးရွာ၊ မုန်းဒါးကြီး ကျေးရွာနှင့် ပြကြီးကျေးရွာတို့ ဖြစ်ပါတယ်။

 

အဆိုပါ Cash for Work စီမံကိန်းဆောင်ရွက်နေသော ကျေးရွာများမှ ပြည်သူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ယခုလို ပြောကြားခဲ့ကြပါတယ်။

 

“ကျမတို့ရွာမှာ နိုင်ငံတော်ရဲ့ ကိုဗစ်-၁၉ ကာလမှာ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ ရေနုတ်မြောင်းနဲ့ မြေနီ လမ်းခင်းတာတွေ အမှိုက်ကျင်း လုပ်ငန်းတွေကို ဆောင်ရွက်ပေး ခဲ့တာ ဖြစ်ပါတယ်။ Cash for Work နဲ့ ရွာ အတွက် လိုအပ်တဲ့ ရေနုတ်မြောင်းတွေကို တူးဖော်နိုင်တဲ့အပြင် ရွာအတွက် မြေနီလမ်း ခင်းခြင်းကိုပါ ဆောင်ရွက်ပေးတဲ့ အတွက် သွားရေး လာရေးကော အဆင်ပြေပြီးတော့၊ အမှိုက်ကျင်း နေရာမှာလည်း အမှိုက်က အစို သပ်သပ်၊ အခြောက်သပ်သပ် ထည့်ဖို့ နေရာလည်း ရတဲ့ အတွက် အရမ်းပဲ ဝမ်းသာပါတယ်။ ကျေးရွာသူ ကျေးရွာသားတွေလည်း ဒီလုပ်ငန်း လေးလုပ်တော့ ယောက်ကျားကော မိန်းမကော တန်းတူ အခွင့်အရေး၊ ဈေးနှုန်းလဲ ရတယ်ပေါ့၊ ပြီးတော့ အလုပ်အကိုင်လဲ ရတယ်။ ဒီလို အလုပ်ကလေး ပေါ်တော့ လုပ်အားခလည်း လက်ငင်းရတော့ အရမ်းကောင်းတဲ့ အစီအစဉ်လေး ဖြစ်ပါတယ်” - ဒေါ်ဇာလီနိုင်၊ ထန်းလေးပင် ကျေးရွာ

 

“Cash for Work စီမံကိန်းနဲ့ ကျေးရွာတွင်းမှာ ရေမြောင်း တူးဖော်တဲ့ လုပ်ငန်း၊ မြေနီလမ်း ခင်းခြင်းတို့ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ယခု စီမံကိန်း ဆောင်ရွက်နေတဲ့ အတွက် ကျေးရွာသူ ကျေးရွာသားများမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာပါတယ်။ မိုးတွင်းကာလမှာ လမ်းများ ကောင်းမွန်သွားတဲ့အတွက် ကျနော်တို့ သွားရေး လာရေးလဲ အဆင်ပြေလာပါတယ်” - ဦးချစ်ငြိမ်းဦး ၊ မင်းတဲ ကျေးရွာ

 

“ကျနော်တို့ ကျောင်းစု ကျေးရွာလေးမှာ ပြည်သူလူထုတွေ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေတဲ့ အချိန်လေး မှာ Cash for Work စီမံကိန်း ကနေပြီးတော့မှ ရေမြောင်းနဲ့ မြေနီခင်းခြင်း လုပ်ငန်းလေးတွေကို ခွင့်ပြုလိုက်တဲ့ အခါကျတော့ ကျေးရွာနေ ပြည်သူတွေဟာ လုပ်ငန်းနဲ့ ပမာဏ ညီမျှတဲ့ ငွေတန်ဖိုးကို ရရှိတဲ့ လုပ်အားခ တွေကို ရရှိတဲ့ အတွက်ကြောင့် မိသားစု ဝင်ငွေတွေလဲ အဆင်ပြေလာတယ်။ ကျနော်တို့ ကျေးရွာမှာ ဆိုရင် အရင်တုန်းက ဆိုရင် ရေမြောင်းတွေ မရှိခဲ့ဘူး၊ အဲတော့ ရေစီးရေလာတွေ မကောင်းခဲ့ဘူး၊ အခုတော့ ရေမြောင်း လေးတွေ တူးဖော်ပြီးတဲ့ အခါကျတော့ မြေနီ ကျောက်စရစ်တွေ ခင်းပေးခြင်းအားဖြင့် ရေစီးရေလာ တွေ ကောင်းလာတယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ အစဉ်ပြေ ချောမွေ့လာတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော် အစိုးရနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ရှိတဲ့ လူတွေကို ကျနော်တို့ ကျေးရွာနေ ပြည်သူလူထုတွေ အင်မတန်ပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်”- ဦးတင်ဦး ၊ ကျောင်းစု ကျေးရွာ။

 

သတင်း - ကျော်ဇေယျဝင်း (ကံမ မြို့နယ် ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/video/4399

https://web.facebook.com/MOIWebportalMyanmar/videos/2084912291640510/?t=2