ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် ဆောင်ရွက်လျက်ရှိသည့် CERP လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် သြဂုတ် ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ သည် သြဂုတ် ၁၅ ရက် ညနေပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ကွမ်းခြံကုန်းမြို့ နယ် ၊ ထင်းပုံ ဆိပ်ကျေးရွာနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ် ညောင်ပင်တန်း ကျေးရွာများတွင် CERP အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်း လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လမ်း၊ တံတား၊ မြောင်းစသည့် ကျေးရွာအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရင်းရင်းနှီးနှီး မေးမြန်း ဆွေးနွေးသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေး အကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေးအတွက် ကာလတို စီမံချက် ဖြစ်သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP)အရ ဝင်ငွေရရှိ စေမည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း လုပ်ငန်းတစ်ခုဖြစ်သည့် Cash for Work စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး၌ ကျေးရွာ (၁၁၀) တွင်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၌ ကျေးရွာ(၂၅၀) တွင်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ငွေကျပ်သန်းပေါင်း ၂၅၀၀၀ သုံးစွဲ၍ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် ရန်ကုန် တိုင်းဒေသကြီး၌ ကျေးရွာ(၈၀) တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ကျေးရွာ (၁၀၀) တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံ လုံးအနေ ဖြင့် ကျေးရွာပေါင်း ၁၇၁၀ တွင် ဆောင်ရွက်သွားမည် ဖြစ်ကာ ယနေ့အထိ ငွေကျပ် သန်း ပေါင်း ၄၀၈၃၀ သုံးစွဲပြီး ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေးဒရဲမြို့နယ် ဂွကလေးကျေးရွာ နှင့် ဖျာပုံမြို့နယ် ကိုးအိမ်တန်း ကျေးရွာများသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ ဆောင်ရွက် လျက်ရှိသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်း များအား ကြည့်ရှုအားပေးပြီး မိုးစပါးမျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံကာ CERP မိုးစပါး မျိုးစေ့ထုတ် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ်မိုးပါးစိုက်ပျိုးရန် ဧက၃၇သိန်းကျော် လျာထား ဆောင်ရွက် လျက်ရှိပြီး ယနေ့အထိ စုစုပေါင်း ၃၁၅၆၂၅၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ CERP မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမှုအနေဖြင့် လျာထား ၁၀၄၇၅ ဧကဖြစ်ပြီး ယနေ့အထိ ၇၀၉၅ ဧက စိုက်ပျိုးပြီးစီးကြောင်းသိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဘိုကလေးမြို့နယ် သကံဝကျေးရွာ တောင်သူ ဦးတင်စိုး ၏ ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွင်းသို့ ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဇော် က ဧရာဝတီတိုင်း ဒေသကြီး ၏ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများ၊ CERP အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးမှု နှင့် တောင်သူပညာ ပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပေးနေမှု တို့ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း အတွင်း ကြားပေါင်းလိုက် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဒေသနေတောင်သူများနှင့် တွေ့ဆုံ ၍ လယ်ယာမြေနှင့်ပတ်သက်၍ တောင်သူလယ်သမားများ ကိုယ်တိုင် စီမံခန့်ခွဲနိုင် သည့်စနစ်၊ တာဝန်ယူ တာဝန်ခံနိုင်သည့် စနစ်များ ဆောင်ရွက်နိုင်ရေး၊ ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်းနိုင်ရေး တို့ကို မျှော်မှန်းပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအရ တောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်း ရေးအတွက် တောင်သူလယ်သမားအဖွဲ့အစည်း ဆိုင်ရာဥပဒေကို ရေးဆွဲလျက်ရှိပါကြောင်း၊ တောင်သူ လယ်သမားများအားလုံး မိမိတို့ဒေသအလိုက် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက် ကြခြင်းဖြင့် တွေ့ကြုံ နေရသော မြေယာပြဿနာများ အပါအဝင် အခက်အခဲ များအားလုံးကို ရင်ဆိုင်ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင် ဖြတ်ကျော် နေချိန်တွင် ရရှိနေသည့် နိုင်ငံတော်၏ အထောက်အပံ့၊ ဌာနဆိုင်ရာများ၏ ကူညီအားပေးမှု အခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး မိမိတို့ တစ်မိသားစုချင်းဘဝ တိုးတက်ရေး၊ မိမိဒေသ ဖွံ့ဖြိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ကျိုက်လတ်မြို့နယ် အိပ်ယာကြီး ကျေးရွာ တွင် CERP အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မအူပင်မြို့နယ် တလုပ်လှငါးလုပ်ငန်း စခန်းသို့ ရောက်ရှိကြပြီး ငါးမွေးတောင်သူ များနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ငါးမွေးတောင်သူများအား ငါးသားပေါက် များ ပေးအပ်သည်။ မအူပင်ခရိုင် အတွင်း ငါးမွေးကန် ၂၃၅၉ ဧက ရှိပြီး ယခုအခမ်းအနားတွင် ငါးမွေးကန် ဧက ၂၀၀ အတွက် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်”(CERP) အရ ငါးမွေးကန် စုစုပေါင်း ၅၄၃၉၉ ဒသမ ၄ ဧက ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

https://www.moi.gov.mm/news/4175