ကန့်ဘလူ၌ Cash for Work စီမံကိန်း ကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်

ကန့်ဘလူ ဇူလိုင် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash for Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့် လွင်ဦးက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်က သင်တန်းဖွင့် လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ Cash for Work စီမံကိန်းဆောင်ရွက်မည့် ပိတောက်ပင်ကျေးရွာ၊ မေတ္တာမွန်ကျေးရွာနှင့် ချောင်းသာကျေးရွာတို့မှ ကော်မတီဝင် ၂၇ ဦး (တစ်ရွာ ကိုးဦးနှုန်း) တက်ရောက်ခဲ့ပြီး သင်တန်းတွင် စီမံကိန်း ကော်မတီဝင်များ၏ တာဝန်များ၊ စီမံကိန်း တွင် ပါဝင်ရမည့် အိမ်ထောင်စုရွေးချယ်ပုံ၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ စီမံကိန်း လုပ်ငန်း ရွေးချယ်ခြင်း၊ စီမံခန့်ခွဲမှုဘာသာရပ်များကို တစ်ရက်တာသင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်က ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစု ဝင်များ ဝင်ငွေလျော့နည်းမှု၊ စားဝတ်နေရေး အခက်အခဲများကို ကုစားနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းကို ကျေးရွာ တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ စီ ထောက်ပံ့မှုဖြင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်း၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းကို ကျေးရွာ ခြောက်ရွာ၌ အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အင်ဂါဒေါင့်ကျေးရွာ၊ ဘူးကုန်းကျေးရွာ၊ ကျွဲဖြူကျေးရွာများ မှ ကော်မတီဝင်များကိုလည်း ဇူလိုင် ၁၅ ရက်က Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်း သင်ကြားပို့ချခဲ့ပြီးကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/16/07/2020/id-24169