ကွတ်ခိုင်မြို့နယ်၌ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ကွတ်ခိုင် ဇူလိုင် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မှ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပန်ကူကျေးရွာနှင့် မန်ပြိန်း ကျေးရွာတို့တွင် ရွာတွင်း ဗြုန်းခင်းခြင်းနှင့် လမ်းများ တိုးချဲ့ခြင်း လုပ်ငန်းတို့ကို တာဝန်ရှိသူများ သွားရောက် ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ ရွာတွင်းဗြုန်းခင်းခြင်းနှင့် လမ်းများတိုးချဲ့ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ရာတွင် ကွတ်ခိုင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဉီးတင့်နိုင်မိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စီမံကိန်းကော်မတီဝင်များက ပန်ကူကျေးရွာအတွင်း ဗြုန်းခင်းခြင်း လုပ်ငန်းနှင့် မန်ပြိန်းကျေးရွာအဝင် လမ်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

“ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း(၁၀၀)နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ ကျေးလက်နေ ပြည်သူတွေ အနေနဲ့ ကိုဗစ်-၁၉ရောဂါကာလမှာ အသေးစား စီးပွားရေး လုပ်ငန်းတွေ အပြင် ရွာတွင်း တိုးချဲ့ လုပ်ငန်း တွေဆောင်ရွက်နိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက် နေတာဖြစ်ပါတယ်၊ ကျေးရွာတွေမှာ လိုအပ်တဲ့ ရေနုတ် မြောင်းတူးဖော်တာတွေ၊ ကျေးရွာသုံး အဆောက်အဦနဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ပြုလုပ် ဆောင်ရွက်နေတာဖြစ်ပါတယ်၊ သုံးလတာ ကာလတိုအတွင်းမှာပြီးစီးမယ့် လုပ်ငန်းတွေကို ရွေးခြယ် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဦးတင့်နိုင်မိုးက ရှင်းပြသည်။

Cash For Workစီမံကိန်း၏ ခွင့်ပြုငွေ (၄၀)ရာခိုင်နှုန်းအား လုပ်သားလုပ်အားခငွေအဖြစ် အသုံးပြုပြီး (၆၀) ရာခိုင်နှုန်းကို စီမံကိန်းလုပ်ငန်းများအတွက် သုံးစွဲရာ ကွတ်ခိုင်မြို့နယ်တွင် မန်ပူးကျေးရွာအုပ်စု၊ မန်ပြိန်း ကျေးရွာ အုပ်စုနှင့် ပန်ကူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာ တို့အား ရွေးခြယ်ထားပြီး ကော်မတီများ ဖွဲ့စည်း ကာ စီမံကိန်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/29/07/2020/id-25659