ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် Cash for Work စီမံကိန်းဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှု့အားပေး

နေပြည်တော် ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိ မြို့နယ်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ဆောင်ရွက်လျက်ရှိသော “ဝင်ငွေရရှိရေး အလုပ်အကိုင်ဖန်တီးပေး” Cash for Work စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်နေမှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်နှင့် အဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းတွင် ကြည့်ရှု့ အားပေးခဲ့ပါသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ နေပြည်တော် ကောင်စီ နယ်မြေ တိုင်းဦးစီးမှူး ဦးဌေးဝင်း၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးနှင့် ဝန်ထမ်းများသည် Cash for Work စီမံကိန်းအရ ဇေယျသီရိမြို့နယ် သက်နှင်းအင်း ကျေးရွာ အုပ်စုရှိ သက်နှင်းအင်း ကျေးရွာတွင် ငါးမွေးမြူရေးကန် ပြုပြင်ခြင်းနှင့် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲအုပ်စု ဖြုတ်ကုန်းကျေးရွာတွင် ရွာအဝင်လမ်း ပြုပြင်ခြင်းနှင့် ရေမြောင်းတူးခြင်း လုပ်ငန်းများကို ကျေးရွာလူထု လုပ်အားဖြင့် ဆောင်ရွက်နေမှုများကို ကြည့်ရှု့အားပေးပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ပါသည်။

စီမံကိန်းအရ ကျေးရွာတစ်ရွာလျှင် ပံ့ပိုးငွေ ကျပ် သိန်း ၁၀၀ လျာထားပြီး၊ လုပ်ငန်း ဆောင်ရွက်ရန် ပစ္စည်း ဝယ်ယူမှု အတွက် ၄၀ ရာခိုင်နှုန်းနှင့် လုပ်အားခကို ၆၀ ရာခိုင်နှုန်း သတ်မှတ်ထားရာ ကျေးရွာ လူထုသည် စီမံကိန်းလုပ်ငန်းများတွင် လုပ်အားပါဝင်မှုကြောင့် ကျပ်သိန်း ၆၀ ခန့်ကို လုပ်အားခ အဖြစ် ရရှိမည် ဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ဝင်ငွေ လျော့နည်းလာမှုကို ကုစားပေးရန်အတွက် CERP အစီအစဉ် အရ “ဝင်ငွေရရှိရေး အလုပ်အကိုင်ဖန်တီးပေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း ၂၄၈၈ ရွာအတွက် စီမံချက်ချ အကောင်အထည်ဖော်လျက် ရှိရာတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ် ၅ ခု ဖြစ်သော လယ်ဝေး မြို့နယ်၊ တပ်ကုန်း မြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဥတ္တရသီရိ မြို့နယ်နှင့် ဇေယျာသီရိ မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၁၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

“ဝင်ငွေရရှိရေး အလုပ်အကိုင်ဖန်တီးပေး” Cash for Work စီမံကိန်းသည် ကိုဗစ်-၁၉ ကာလ အတွင်း ကျေးလက်နေ ပြည်သူများအနေဖြင့် ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်စေပြီး လုပ်အားခငွေကို ချက်ချင်း ပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရုံသာမက ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသော စီမံကိန်း အမျိုးအစား ဖြစ်ပါသည်။

#CERP, #CFW, #DRD, #MOALI