ကျောက်ဆည်မြို့နယ်တွင် Cash for Work ကျေးရွာလူထုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်း

ကျောက်ဆည် ဇူလှိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများအား ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ခြင်းဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် Cash for Work ကျေးရွာလူထု စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်ကျေးရွာများသို့ ကွင်းဆင်းပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ်ဆက်ရှင်းလင်းရာတွင် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းများလုပ်ဆောင်ရွက်ရာတွင် အချိန်ပေးနိုင်သည့် ကျေးရွာလူထုက ယုံကြည်အားကိုးသော အသက် (၁၈)ပြည့်ပြီးသူများနှင့် ဥက္ကဋ္ဌ(၁)ဦး၊ အဖွဲ့ဝင်(၃)ဦး၊ ငွေစာရင်းကိုင်(၁)ဦး၊ အတွင်းရေးမှူး(၁)ဦးတို့အား ရွေးချယ်ကာ ဦးစွာ ကော်မတီအသစ် ဖွဲ့စည်းရမည်ဖြစ်ကြောင်း ထို့နောက်ကျေးရွာများအလိုက် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ကာ လုပ်ငန်းသုံးပစ္စည်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် Cash for Work ကျေးရွာလူထုစီမံကိန်း လုပ်ငန်းများကို စိုင်မလန်း၊ ရွာဘိုး၊ ရှမ်းသူငယ်၊ ဒါန်းတိုင်၊ သာစည်လေး၊ အရှေ့ရေပြားတော၊ ဘိုးတိုင်ပေါက်၊ မြင်းတွင်း၊ အရှေ့သာဂရ၊ သပြေကုန်း၊ ပုထိုးနီ၊ တရုတ်ကုန်း၊ ကျီးပြ စုစုပေါင်းကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/15/07/2020/id-23953