မိုင်းဖြတ်၌ Cash for Work စီမံကိန်းလုပ်ငန်း အဆိုပြုလွှာစိစစ်ခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး သင်တန်းဆွေးနွေးပို့ချ

မိုင်းဖြတ် ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကော်မတီဝင်များအား သင်တန်းပို့ချြခင်း၊ လုပ်ငန်းအဆိုပြုလွှာစိစစ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြတ်သိန်း က စီမံကိန်းလုပ်ငန်းများ အကောင်းအထည်ဖော် ဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ သည်။ ယင်းနောင် ဦးစီးအရာရှိ(နည်းပညာ) ဒေါ်သီသီအောင်က စီမံကိန်းမှ ဆောင်ရွက်ရမည့် နည်းပညာပိုင်းဆိုင်ရာ များကို ချပြရှင်းလင်းခဲ့သည်။

ဆက်လက်၍ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ကျေးရွာများဖြစ်သည့် ဟွေလုံဝမ်၊ မိုင်းတင်း(ပေါ်/အောက်)၊ မဟီကောင်၊ မက်မွန်ကျယ်၊ ပါဆန်းဒေ၊ အင်ပါကူ (ပေါ်/အောက်)၊ ဟာကြားမုတိ၊ နမ့်ဟွေလုံ စသည့်ကျေးရွာမှ ကော်မတီဝင်များက မိမိတို့ကျေးရွာများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည့် မြေသား လမ်းဖောက်လုပ်ခြင်းနှင့် ရေပေးဝေရေးလုပ်ငန်းများကို အဆိုပြုလွှာများကို ရေသွင်းခဲ့သည်။ အဆိုပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ၏ လုပ်အားခများကို ကော်မတီဝင်များ၏ သဘောတူညီချက်များအရ ၄၈၀၀ ကျပ်နှင့် ၅၅၀၀ ကြား သက်မှတ်ထားကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/20/07/2020/id-24425