“ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး” Cash for Work စီမံချက်အတွက် ပူတာအိုမြို့နယ် ကျေးရွာ ၅ ရွာတွင် လုပ်ငန်းဆောင်ရွက်မည်

၁၅ ဇူလိုင်လ၊ ပူတာအို

“ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး” Cash for Work စီမံကိန်း အတွက် ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးရွာ ၅ ရွာတွင် ဆောင်ရွက်ရန် ရွေးချယ်ထားရာ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းရှိ မန်စေအုပ်စု မန်ပန်ကျေးရွာနှင့် ဖန်ခိုင်(၁)ကျေးရွာ၊ မန်စေခွန်အုပ်စု ဆထီလော်(၂) ကျေးရွာနှင့် ဆထီလော်(၃) ကျေးရွာ၊ ပမ္မတီး ကျေးရွာအုပ်စု နမ်ရှယ်ဇွပ်ကျေးရွာတို့တွင် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်း၊ လုပ်ငန်းရွေးချယ်ခြင်း အခမ်းအနားများကို ယခု အပတ်အတွင်း ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ကျေးရွာများက မိမိတို့ ကျေးရွာအတွင်း ဆောင်ရွက်ရန် အများ သဘောတူညီမှုဖြင့် တင်ပြလာသည့် လုပ်ငန်းရပ်များအား ဆောင်ရွက်နိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင် အခြေအနေများကို ဆက်လက် ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး တိုင်းတာလျက် ရှိပါသည်။

အဆိုပါ ကျေးရွာ ၅ ရွာတွင် လမ်းသဲကျောက်ခင်းခြင်း၊ စားကျက်မြေ ခြံစည်းရိုးကာရံခြင်း၊ စာသင်ကျောင်း ပြုပြင်ခြင်း၊ ရေပြွန်တည်ဆောက်ခြင်းနှင့် ဘောလုံးကွင်းပြုပြင်ခြင်း စသည့် လုပ်းငန်းများ အသီးသီး ရွေးချယ်ထားရာ လုပ်ငန်းဆောင်ရွက်နိုင်ရန် ကုန်ကျ စရိတ် တွက်ချက်မှုနှင့် တိုင်းတာထားမှု များကို မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီသို့ တင်ပြကာ ခွင့်ပြုသည်နှင့် လုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။

နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်--၁၉ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relife Plan (CERP) အရ ကျေးလက်ဒေသ နေပြည်သူများ၏ မိသားစုများဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ် နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး” Cash for Work စီမံကိန်းအတွက် ကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေ သိန်း ၁၀၀ ခန့်စီ လျာထား သတ်မှတ်ထားရာ ကျေး ရွာသူ ကျေးရွာသားများ မိမိတို့ ကိုယ်တိုင် ရွေးချယ်ထားသော လုပ်ငန်း ဆောင်ရွက်ရန် ပစ္စည်း ဝယ်ယူမှုအတွက် ငွေကျပ် သိန်း ၄၀ ခန့် အသုံးပြုပြီး၊ ကျေးရွာသူ ကျေးရွာသားများ လုပ်အားဖြင့် ဆောင်ရွက်မည် ဖြစ်ရာ လုပ်အားခ စုစုပေါင်း တစ်ရွာလျှင် ကျပ် သိန်း ၆၀ ခန့် အသုံးပြုသွားမည် ဖြစ်သည်။

သတင်း - ခင်မေဝင်း (ပူတာအို CDD)