မိုင်းယောင်းမြို့နယ်တွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်း

မိုင်းယောင်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က နမ့်တောင်ကျေးရွာနှင့် ဝမ်ပေါ့ကျေးရွာ၌ Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းက နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP)အရ ကျေးလက်ဒေသမိသားစုများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ဝင်ငွေရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)နှင့် Cash For Work(CFW)စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးစိုင်းဆမ်တစ်က Cash for Work စီမံကိန်းဆိုတာ ကျေးရွာ ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ အနက် ၄၀ ရာခိုင်နှုန်းကို ပစ္စည်းဝယ်ယူရာမှာ အသုံးပြုရမှာ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းကို လုပ်အားခ အတွက် အသုံးပြုသွားရမည်ဖြစ်ကြောင်း၊ လုပ်အားခ ပေးချေရာမှာ အနိမ့်ဆုံး ငွေကျပ် ၄၈၀၀ ကနေ ကျပ် ၆၀၀၀ အထိ သတ်မှတ်ထားပြီး ကျွမ်းကျင်လုပ်သားတွေအနေနဲ့ ဒေသပေါက်ဈေးအတိုင်း အကျိုးခံစားခွင့် ရရှိကြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ကျေးလက်နေပြည်သူများကို ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းကြောင့် ပြည်သူများ ဝင်ငွေရရှိစေရုံသာမက ကျေးလက် အဆောက်အအုံများ ဖွံ့ဖြို့းတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ရှင်းလင်းခြင်းတွင် Cash for Work စီမံကိန်းလုပ်ငန်းဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်း၊ သင်တန်းပေးခြင်း၊ လုပ်ငန်းအဆိုပြု ရွေးချယ်ခြင်းနှင့် အဆိုပြုစီမံကိန်းလုပ်ငန်း ကြည့်ရှုတိုင်းတာခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ပြန်/ဆက်)

ရှမ်းပြည်နယ်

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/14/07/2020/id-23782