ခရမ်းမြို့နယ် ပုဂံတောင်ကျေးရွာတွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash For Work စီမံကိန်း ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ Cash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပုဂံတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်၊ ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ တိုင်းဦးစီးမှူး ဦးကျော်လင်းသန်းနှင့် ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က စီမံကိန်းရည်ရွယ်ချက်များ၊ လုပ်ဆောင်ရမည့် လုပ်ငန်း များကို ရှင်းလင်းပြောကြားပြီး ကျေးရွာကော်မတီရွေးချယ်ပွဲကို ကျင်းပရာ ကျေးရွာမှပြည်သူများက ကော်မတီ(၇) ဦးကို မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။

အဆိုပါစီမံကိန်းမှာ ကိုဗစ်-၁၉ ကာလ ကျေးလက်နေပြည်သူများ ဝင်ငွေရရှိရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေရန် အတွက်လည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) ကို လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သူများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်မှ ချမှတ်ပေးသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/10/07/2020/id-23504