Covid-19 ကာလ အလုပ်အကိုင် အခက်အခဲများကို ကုစား ဖြေရှင်းပေးနိုင်မည့် Cash for Work စီမံကိန်း

ကိုဗစ် ကာလမှာ ဆိုရင်တော့ အလုပ်အကိုင် အတော်များများ လူတန်းစား အတော်များများဟာ ထိခိုက်မှုတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

အခု ဆိုရင်တော့ ဖွံ့ဖြိုးမှု အားနည်းတဲ့ ကျေးရွာတွေမှာ ကျေးရွာသူ ကျေးရွာသားတွေ အတွက် အလုပ်အကိုင် တွေကို ယာယီ ဖော်ဆောင်ပေးမယ့် Cash for Work စီမံကိန်း ကိုတော့ နိုင်ငံတော် အစိုးရကနေ ပြီးတော့ ဖော်ဆောင်ခဲ့ပါတယ်။

ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နယ် အတွင်းမှာ ဆိုရင်တော့ Cash for Work စီမံကိန်းကို ရရှိခံစားနိုင်မယ့် ကျေးရွာပေါင်း ၉ ရွာ ပါဝင်ပြီး၊ အခုအခါမှာ ဆိုရင်တော့ စီမံကိန်းအား မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်းနဲ့ စီမံကိန်း လုပ်ငန်း ရွေးချယ်ခြင်းတွေကို လုပ်ဆောင် နေပါတယ်။

Cash for Work စီမံကိန်း ကိုတော့ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ အကောင်အထည်ဖော် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

Cash for Work စီမံကိန်းဟာ ဆိုရင်တော့ ကျေးရွာ တစ်ရွာကို နိုင်ငံတော် အစိုးရကနေ ငွေ ကျပ် သိန်း ၁၀၀ ဘတ်ဂျတ် အသုံးပြုမှာ ဖြစ်ပြီး၊ ကျေးရွာသူ ကျေးရွာသားတို့က မိမိတို့ ကျေးရွာက လိုအပ်နေတဲ့ လုပ်ငန်းတွေကို ရွေးချယ် ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

“အဓိကကတော့ ကိုဗစ်-၁၉ ကြောင့် ကျနော်တို့ လုပ်ငန်းတွေ အလုပ်အကိုင်တွေ ဆုံးရှုံးတာကို ကျနော်တို့ ပြန်လည်ကုစားတဲ့ အနေနဲ့က နိုင်ငံတော်ရဲ့ စီမံကိန်းပေါ့၊ ကျနော်တို့ ဖက်မှာတော့ ပြည်ပပြန်များတဲ့ ရွာတွေကို အဓိကထားပြီးတော့ ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့ ကျနော်တို့ ကျောသာ အုပ်စု ကြံဒိုးရွာ မှာ ဆိုရင် ပြည်ပပြန် ခုလောလောဆယ်ထိ ၆၀ လောက် ရှိနေပါပြီ၊ ဒီလို ရွာ မျိုးကို ကျနော်တို့ ဒီစီမံကိန်း ဝင်ရွာ အဖြစ် ရွေးချယ် ပြီးတော့ ကျနော်တို့ Cash for Work အစီအစဉ်မှာ ထည့်သွင်း ခဲ့ပါတယ်၊ ဒီ စီမံကိန်း အရ လုပ်အားခ ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ နိုင်ငံတော်က ပေးချေသွားမှာ ဖြစ်တဲ့အတွက် ဌာနက သတ်မှတ်ထားတဲ့ မူဝါဒ တွေနဲ့ အညီ လုပ်ငန်းတွေ လုပ်ကိုင်ရမယ်၊ ရွာသားတွေ ပါဝင်ဆောင်ရွက်ရမယ်၊ အဲလို ပါဝင်ဆောင်ရွက်တဲ့ အခါမှာလည်း ရွာသားတွေရဲ့ လုပ်အားခကို ခါတိုင်း အစီအစဉ်တွေလို မဟုတ်ပဲနဲ့ ကျနော်တို့ ပြည်သူ ထည့်ဝင်ငွေတွေ မဟုတ်ပဲနဲ့ ပြည်သူတွေအတွက် လုပ်အားခ ပေးချေသွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာတော့ ရွာကနေပြီးတော့ သူတို့ လုပ်ချင်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းကို သူတို့ ကိုယ်တိုင် ရွေးချယ်ရမယ်။ ရွေးချယ်တဲ့အခါမှာ ကျနော်တို့ လုပ်အား ထည့်ဝင်မှုတွေ ပါလာတဲ့ အခါမှာ အသက် ၁၈ နှစ်ပြည့် တစ်အိမ်ကို တစ်ယောက် နှုန်း အမျိုးသမီးတွေ ပါဝင်မှုတွေနဲ့ ကျနော်တို့ လုပ်ငန်း တွေကို ဖော်ဆောင်ရမယ်။ လုပ်အားခကိုတော့ ကျနော်တို့ ရွာ ကော်မတီက နိုင်ငံတော်က သတ်မှတ်ထားတဲ့ နှုန်းတွေနဲ့ ပေးချေသွားရမှာပါ” - တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်-၁ ဦးသက်ဝင်းလှိုင်

စီမံကိန်းကို လုပ်ဆောင်တဲ့အခါမှာ လုပ်အားကို ရွာသားတွေက လုပ်ဆောင်ရမှာ ဖြစ်ပြီး၊ လုပ်အားခကိုလည်း စီမံကိန်းရဲ့ ဘဏ္ဍာငွေထဲကနေ ရရှိခံစားနိုင်မှာလဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာလ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ရွာသားတွေ အတွက်လည်း အကျိုးရှိနိုင်မယ့် စီမံကိန်း တစ်ခုလည်း ဖြစ်ပါတယ်။

စီမံကိန်းကာလကိုတော့ ၃ လ သတ်မှတ်ထားပြီး၊ ဩဂုတ်လ ပထမပတ်မှာ စီမံကိန်းတွေကို စတင် အကောင်အထည် ဖော်နိုင်မယ်လို့လဲ သိရပါတယ်။

“ကျမတို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်း ကျေးရွာ ၉ ရွာမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီ ၉ ရွာမှာ ကျမတို့ အခု စီမံကိန်း မိတ်ဆက် ရှင်းလင်းတာတွေ ကော်မတီ ဖွဲ့တာတွေ လုပ်ငန်းရွေးတာတွေ လုပ်ပြီးသွားတာနဲ့ ရုံးမှာ တွက်ချက်မှု အပိုင်း၊ အင်ဂျင်နီယာ အပိုင်းအနေနဲ့ ဆောင်ရွက်ပြီးတာနဲ့ တန်းပြီး၊ လုပ်ငန်းလေးတွေကို ဩဂုတ်လ ပထမပတ်မှာ စဖို့ စီစဉ်ထားပါတယ်။ အခက်အခဲကတော့ ဒီလို ကိုဗစ်ကာလ ဆိုတော့ လူစုလူဝေးနဲ့ လုပ်ရတဲ့ ဟာမှာ နည်းနည်း အခက်အခဲလေးတွေ ရှိပါတယ်။ ဒီ စီမံကိန်းရဲ့ ရည်ရွယ်ချက်က နိုင်ငံတော်ရဲ့ Covid-19 Economic Relief Plan စီးပွားရေး ကုစားမှု၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အခက်အခဲတွေကို ကုစားနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ရဲ့အောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒီ ကျေးရွာတွေကို ကျေးရွာတွေမှာ ဆောင်ရွက်မယ့် Cash for Work စီမံကိန်း တွေကို အခု ဆောင်ရွက်ပေးတာပါ၊ ကျေးလက်ဒေသက လူတွေ ဝင်ငွေ ရရှိအောင်လို့ပါ” --- ပြည်မြို့နယ် Cash for Work စီမံကိန်း တာဝန်ခံ ဒေါ်အေးအေးနွယ်

“ ကျနော်တို့က တော့ ဒီမှာ လိုအပ်နေတဲ့ အရာတွေ၊ လူတွေလဲ အလုပ်မရှိဘူးလေ၊ အလုပ်လဲရ ကိုယ်ရဲ့ ရွာ လမ်းတွေ ပျက်စီးတာတွေ ပြန်ပြီးတော့ ပြုပြင်နိုင်မယ် ဆိုတော့ အင်မတန် ဝမ်းမြောက်ဝမ်းသာဖို့ ကောင်းတာပေါ့၊ လမ်းတွေ ပြန်ပြီးတော့ ပျက်ပြီး ပဲ့ကျနေတာတွေ ပြန်ပြီးတော့၊ ပြန်ပြီးတော့ အသစ်လုပ်ဖို့နဲ့ နံပါတ် ၂ ကတော့ လမ်းဘေးမှာ သစ်ပင် စိုက်မယ်ပေါ့ ၊ နံပါတ် ၃ အစီအစဉ်ကတော့ ကျောင်းမှာလည်း ခြံစည်းရိုးတွေကလည်း စုတ်ပြတ်၊ စာသင်ကျောင်းက အဲဒီ မူလတန်းကျောင်းလေးမှာ ပြန်ပြီး လုပ်ဖို့ ငွေ ကျန် ရှိလို့ရှိရင် ရွာကလည်း လုပ်အားပေး အလုပ်လဲရ၊ တတ်နိုင်သလောက် အရပ်က လူတွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီးတော့ သင့်တင့်အောင် အကုန်လုံးလဲ ကိုယ့်ရပ်ရွာအတွက် သင့်မြတ်အောင်လို့ လုပ်မယ်လို့ စီစဉ်တယ်ပေါ့” --- ရွာသား ဦးကျော်ရွှေ

Cash for Work စီမံကိန်းဟာ ဆိုရင် ကိုဗစ်-၁၉ ကာလမှာ ဝင်ငွေ အခက်အခဲ ရှိနေတဲ့ ကျေးရွာသူ ကျေးရွာသားတွေကို ဝင်ငွေ ရရှိအောင် ကုစား ပေးနိုင်မယ့် စီမံကိန်း တစ်ခုလို့လဲ သိရပါတယ်။

“နောက်ပိုင်းမှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ ဖော်ဆောင်လာတဲ့ လုပ်ငန်းတွေ VDP ပေါ့၊ အခုတော့ Cash for Work ပေါ့၊ အရင်က မြစိမ်းရောင် စီမံကိန်းကလို ငွေချေးပေးတာ မဟုတ်ပဲ၊ ယနေ့ ပြည်သူတွေ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေ ရွေးချယ်မယ်၊ ကော်မတီတွေ ဖွဲ့မယ် လုပ်ငန်းတွေ ရွေးချယ်မယ်၊ ပြီးရင် ပါဝင်ဆောင်ရွက် စီမံခန့်ခွဲမယ်၊ အဲဒီအတွက် ကျေးရွာတွေထဲမှာ ရှိတဲ့ ကျနော်တို့ အကိုတွေ အမတွေ ဦးလေးတွေ အတွက်တော့ ဒါအတွေ့အကြုံသစ်တွေ ရလာမယ်၊ အဲဒီ အတွေ့အကြုံတွေ ရလာပြီးတော့ နောက်တစ်ခါ နိုင်ငံတော်ရဲ့ စီမံကိန်း ဘတ်ဂျတ်လုပ်ငန်းတွေ ကျတော့ သူတို့ ပါဝင် ထိန်းသိမ်းခွင့် ရလာမယ်၊ နောက်တစ်ခါ ကိုယ့် ရွာအတွက် ဘာတွေ လိုအပ်တယ်ဆိုတာကို ကျနော်တို့ ရွာသူ ရွာသားတွေ ကိုယ်တိုင် တင်ပြ တောင်းဆို တတ်လာမယ်၊ ရလာရင် ကြီးကြပ် စီမံ တတ်လာမယ်ပေါ့၊ ဒီ အကျိုးကျေးဇူးတွေ ကျေးရွာတွေ ရရှိမှာ ဖြစ်ပါတယ်” - တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်-၁ ဦးသက်ဝင်းလှိုင်

Credit - SkyNet Media Coverage