တစ်ရွာလျှင် ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးမည့် Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်း မြန်အောင်တွင် ဖွင့်လှစ်

မြန်အောင် ဇူလိုင် ၁၅

တစ်ရွာလျှင် ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးရွာကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်သားအင်အား အသုံးပြုရသည့် (Labor Intensive) နည်းလမ်းဖြင့် ကျေးရွာ လူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းကို ယမန်နေ့ နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့သည်။

ကိုဗစ်-၁၉ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသ ပြည်သူများကို ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်ဒေသနေ ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash For Work စီမံကိန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် Cash For Work စီမံကိန်း ကျေးရွာ(၁၃)ရွာမှ ဖွံ့ဖြိုးရေးကော်မတီဝင် (၉၁)ဦးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၁၃)ဦးတို့ သင်တန်းတက်ရောက်ကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ဝေထွန်းက Cash For Work စီမံကိန်းတွင် ပါဝင်သော ငွေကြေးစီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ စီမံကိန်း သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်၊ ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ်၊ လူမှုဆိုင်ရာ ပူးပေါင်းပါဝင်မှုကဏ္ဍ၊ သတင်းပြန်ကြား ဆက်သွယ်ရေးစသည့် Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုတို့ကို သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA...