Cash for Work စီမံချက်ဖြင့် လုပ်သားအရေအတွက် ၂ ဒဿမ ၇ သန်း ခန့် အကျိုးခံစားခွင့် ရရှိမည်

MRTV Featuring Articles on “Cash for Work Project to Benefit 2.7 Million Workers”

8 July 2020, MRTV Coverage

Covid-19 ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်းမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေအတွက် နိုင်ငံတော်က ရေးဆွဲ ဆောင်ရွက်လျက်ရှိတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေပြီးတော့ ကိုဗစ်ကာလ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ် တစ်ခုအဖြစ် Cash for Work စီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။

မေး - နိုင်ငံ တစ်ဝန်းလုံးမှာ Cash for Work စီမံကိန်း အစီအစဉ်တွေကို ဆောင်ရွက်နေတယ်။ Cash for Work စီမံကိန်းရဲ့ အကြောင်းအရာက ဘာလဲ။ ဒါနဲ့ ပတ်သတ်ပြီး ဘယ်လိုတွေ ဆောင်ရွက်ပေးနေတယ် ဆိုတာလဲ ပြောပြပေးပါအုံး။

Cash for Work ဆိုတာကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံနေရတဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ မိသားစုတွေရဲ့ ဝင်ငွေရရှိရေးလုပ်ငန်းတွေ၊ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိတဲ့ အတွက် ကျေးလက်နေ ပြည်သူတွေ သူတို့ရဲ့ ကျေးရွာရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ၎င်းတို့ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေ ပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူတွေ ဝင်ငွေရရှိစေရုံသာမက ကျေးရွာ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်စေတဲ့ စီမံကိန်း အမျိုးအစားဖြစ်ပါတယ်။

Cash for Work စီမံကိန်းအတွက် ကျေးရွာဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းကာလ (၃) လတာ အတွင်း ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ရမှာပါ။ စီမံကိန်း လုပ်ငန်းတွေ ရွေးချယ်တဲ့ နေရာမှာ နည်းပညာရှုပ်ထွေးမှုမရှိဘဲ ရိုးရှင်း လွယ်ကူတဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပဲ ရွေးချယ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ စီမံကိန်း ဆောင်ရွက်နိုင်ဖို့အတွက် ကျေးရွာတစ်ရွာကို ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ပစ္စည်းဝယ်ယူမှုဟာ (၄၀) ရာခိုင်နှုန်းနဲ့ လုပ်အားခ (၆၀) ရာခိုင်နှုန်းအချိုးကို မျှော်မှန်းထားပြီး၊ ကျေးရွာတစ်ရွာအတွက်ကို အကျိုးခံစားခွင့်ရရှိမယ့် အိမ်ထောင်စု တွေကို စုစုပေါင်း ပေးချေမယ့် လုပ်အားခဟာ ငွေကျပ် သိန်း ၆၀ လောက် ရရှိမှာ ဖြစ်ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နေပြီးတော့ Cash for Work စီမံကိန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှာ ရှိတဲ့ ကျေးရွာပေါင်း (၂၄၈၈) ရွာမှာ ဆောင်ရွက်သွားမှာပါ။ အဲဒီ ကျေးရွာတွေမှာရှိတဲ့ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နဲ့နေရာမှာ ဆိုရင်လည်း လုပ်သားအရေအတွက် (၂.၇) သန်းအတွက် လုပ်အားခ စုစုပေါင်း ကျပ် ၁၄၉၂၈ သန်းခန့် လောက် အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။