ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းမှုကို ကုစားနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံချက်ဖြင့် လုပ်သားအရေအတွက် (၂.၇) သန်းခန့် အကျိုးခံစားခွင့်ရရှိမည်

Covid19ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း တွေ့ကြုံရသော အခက်အခဲများအတွက် နိုင်ငံတော်က ရေးဆွဲ ဆောင်ရွက်လျက်ရှိသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်ကာလ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ် (Contingency Emergency Response Component) တစ်ခုအဖြစ် Cash for Work စီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

Cash for Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်၏ COVID 19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက်လိုအပ်သော အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လားခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

Cash for Work ဆိုသည်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံနေရသော ကျေးလက်ဒေသများရှိ မိသားစုများ၏ ဝင်ငွေရရှိရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရုံသာမက ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေသည့် စီမံကိန်းအမျိုးအစားဖြစ်ပါသည်။

Cash for Work စီမံကိန်းအတွက် ကျေးရွာဖွံ့ဖြိုးမှုလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်ပြီး စီမံကိန်းကာလ (၃) လတာ အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။ စီမံကိန်း လုပ်ငန်းများ ရွေးချယ်ရာတွင်လည်း နည်းပညာရှုပ်ထွေးမှုမရှိဘဲ ရိုးရှင်း လွယ်ကူသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုသာ ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်သည်။  ဉပမာ- လမ်းပြူပြင်ခြင်း လမ်းအဆင့်မြှင့်တင်ခြင်း သောက်သုံးရေကန်များ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းရေနုတ်မြောင်းနှင့် ရေဆိုးမြောင်းတူးဖော်ခြင်း၊ မြေသားရေကန် တူးဖော်ခြင်းအစရှိသည့် ကျေးရွာအသီးသီးက မိမိတို့ကိုယ်တိုင်ရွေးချယ်သော လုပ်ငန်းများပါဝင်မည်ဖြစ်သည်။

Cash for Work စီမံကိန်း ကာလ (၃)လအတွင်း စီမံကိန်းစက်ဝန်းလုပ်ငန်းစဉ်များဖြစ်သော ကျေးရွာအဆင့်တွင် (၁) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ (၂) ကော်မတီဖွဲ့စည်းခြင်းနှင့် သင်တန်းပို့ချခြင်း၊ (၃) စီမံကိန်းလုပ်ငန်း၊ စီမံကိန်းလုပ်ငန်းခွဲ ရွေးချယ်ခြင်းနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီအားတင်ပြခြင်း၊ (၄) အကျိုးခံစားခွင့် အိမ်ထောင်စုများရွေးချယ်ခြင်း၊ (၅) စီမံကိန်းလုပ်ငန်းများ အတည်ပြုခြင်းနှင့် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း၊ (၆) လုပ်သားများအား စီမံခန့်ခွဲခြင်း၊ (၇) စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (၈) စောင့်ကြည့်ခြင်း စစ်ဆေးခြင်း နှင့် စီမံကိန်း ပိတ်သိမ်းခြင်း စသည်တို့ကို အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပစ္စည်းဝယ်ယူမှု (၄၀) ရာခိုင်နှုန်းနှင့် လုပ်အားခ (၆၀) ရာခိုင်နှုန်းအချိုး မျှော်မှန်းထားပြီး ကျေးရွာတစ်ရွာအတွက် အကျိုးခံစားခွင့်ရရှိ အိမ်ထောင်စုများအား စုစုပေါင်း ပေးချေမည့် လုပ်အားခသည် ကျပ်သိန်း(၆၀)ခန့် ရရှိမည်ဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ ကျေးရွာပေါင်း(၂၄၈၈)ရွာတွင် ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါကျေးရွာများရှိ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်သားအရေအတွက်(၂.၇) သန်းခန့်အတွက် လုပ်အားခ စုစုပေါင်း ကျပ် (၁၄၉၂၈) သန်းခန့် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

ထိုကဲ့သို့Cash for Work စီမံကိန်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သော အကျိုးခံစားခွင့်ရှိသည့် အိမ်ထောင်စုများအား လုပ်အားခပေးချေရာ၌ ကျွမ်းကျင်လုပ်သားများအတွက် ဒေသပေါက်ဈေးအတိုင်း ပေးချေရမည်ဖြစ်ပြီး ရိုးရိုးလုပ်သားများအတွက် လုပ်အားခအနိမ့်ဆုံးနှုန်းတာ (၄၈၀၀) ကျပ်မှ (၆၀၀၀) ကျပ်အထိ သတ်မှတ်ထား ပါသည်။ သို့သော်လည်း လုပ်သားတစ်ဦးလျှင် ပျှမ်းမျှလုပ်အားခနှုန်းထား တစ်ရက်လျှင်(၅၄၀၀) ကျပ်နှုန်း ရရှိမည်ဖြစ်သည့်အတွက် ကျေးရွာတစ်ရွာတွင် (၁) ရက်လျှင် လုပ်သား (၃၅) ယောက်နှုန်းဖြင့် ခန့်မှန်းအလုပ်လုပ်ရက်ရက်ပေါင်း (၃၀) ခန့်ဖြင့် လုပ်သားအင်အား (၁၁၀၀)ခန့်အတွက် အကျိုးခံစားခွင့်ရရှိ စေမည်ဖြစ်ပါသည်။

Cash for Work စီမံချက်တွင် ပါဝင်ဆောင်ရွက်ရန်အတွက် လုပ်သားများရွေးချယ်ရာတွင် ပျှမ်းမျှတစ်အိမ်ထောင်လျှင် တစ်ဦးနှုန်းပါဝင်ဆောင်ရွက်နိုင်ရန် လျာထားပါသည်။ ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်သည့် လုပ်သားအင်အားလိုအပ်သည်ထက် များပြားနေပါက စီမံကိန်းအကျိုးခံစားခွင့် အိမ်ထောင်စု ရွေးချယ်ရေး စံနှုန်းမျာအား အသုံးပြု ကာ အမှတ်ပေးကဒ်ဖြင့် ပါဝင်မည့် လုပ်သားများကို ကျေးရွာကော်မတီမှရွေးချယ်ပေးရမည်ဖြစ်သည်။ အခြေခံကျသော ရွေးချယ်ရေး စံနှုန်းများဖြစ်သည့် ဆင်းရဲနွမ်းပါးသောအိမ်ထောင်စု၊ အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စု၊ မသန်စွမ်းသူများ နာတာရှည်ရောဂါသည်နှင့် သက်ကြီးရွယ်အိုများပါဝင်သော မိသားစု၊ ပုံမှန် အလုပ်အကိုင်မရှိသောအိမ်ထောင်စုဝင်များမှလုပ်သားများကိုဦးစားပေးရွေးချယ်မည်ဖြစ်သည်။

ကာလတိုစီမံချက် ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ပုံမှန်စီမံကိန်းလုပ်ငန်းစဉ်များကဲ့သို့ စောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်းများနှင့် ကျေးရွာအဆင့်တွင် လုပ်ငန်း စတင် အကောင်အထည်ဖော်ရာမှ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာပြုစုခြင်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် နှင့်ဖြစ်ပေါ်လာ နိုင်သောအခက်အခဲများ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန် တို့အတွက် ကျေးရွာများအတွင်း ဝေဖန်အကြံပြု တိုင်ကြားရေးစနစ်ကိုပါ အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ထို့အပြင် စီမံကိန်းဆိုင်ရာ သတင်းအချက်အလက် များအား ကျေးရွာလူထု/ အများပြည်သူ သိရှိနိုင်စေရန် ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု စာရွက်စာတမ်းများ နှင့် ပိုစတာများအား ကြော်ငြာသင်ပုန်းတွင် ကပ်၍ ချပြရှင်းလင်းသွားမည်ဖြစ်ပါသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်၊ မြစိမ်းရောင်စီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်းအစရှိသည့် စီမံကိန်းလုပ်ငန်းများကိုလည်း နိုင်ငံတစ်ဝန်းဒေသအသီးသီးတွင် အကောင်အထည်ဖော်လျက်ရှိ ပါသည်။ ယင်းစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှ ရရှိသောသင်ခန်းစာများနှင့် အတွေ့အကြုံများကို အသုံးချပြီး ယခုကိုဗစ်ကာလအတွက် Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသော ကိုဗစ်ကာလစီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှရုံးအဆင့်ဆင့် ဌာနဝန်ထမ်းများနှင့်အရင်းအမြစ်များကိုအသုံးပြုကာယခု Cash for Work စီမံကိန်းကို ထိရောက်အောင်မြင်မှု ရှိစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။