ပျော်ဘွယ် မြို့နယ်မှာ ရွာတွင်းကျောက်ချောလမ်းခင်း၊ လမ်းမြေကာ နံရံ တည်ဆောက်

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း ခရိုင် ပျော်ဘွယ် မြို့နယ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုး ရန်ပုံငွေနဲ့ ရွှေညောင်ဖူးအုပ်စု၊ ရွှေညောင်ဖူး ကျေးရွာမှာ ရွာတွင်း ကျောက်ချောလမ်း ခင်းခြင်းနဲ့ ဆက်စပ်လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိရာမှာ အခုအခါ လုပ်ငန်း အားလုံးဟာ ရာနှုန်းပြည့် ပြီးစီး နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

ရွာတွင်းကျောက်ချောလမ်း ခင်းခြင်းနဲ့ လမ်းမြေကာ နံရံ တည်ဆောက်ခြင်း အရှည်ပေ ၁၆၀၀၊ အနက် ၁၆ ပေ၊ ထု ၁၂ လက်မခင်းခြင်းနဲ့ Box Culvert ၈ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ပံ့ပိုး ရန်ပုံငွေ ကျပ် ၂၈ ဒဿမ ၁၇ သန်းနဲ့ စီမံကိန်း လက်ထောက် နည်းပညာ မှူးတွေရဲ့ နည်းပညာ အကူအညီ အနီးကပ် ကြီးကြပ်မှုတို့နဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

 

ပျော်ဘွယ် မြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ် စီမံကိန်းစက်ဝန်း) မှာ ကျေးရွာ ၃၀၃ ရွာမှာ ကျေးလက်နေ ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းနဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းတံတား၊ ရေရရှိရေး လုပ်ငန်း၊ မီးလင်းရေး လုပ်ငန်း၊ ပညာရေးဆိုင်ရာ အဆောက်အဉီး လုပ်ငန်း၊ ကျေးရွာ ဘက်စုံသုံး ခန်းမ လုပ်ငန်း၊ အခြားလုပ်ငန်း စုစုပေါင်း လုပ်ငန်းခွဲ ၃၅၆ ခုကို ငွေကျပ် ၃၇၇၁ သန်းနဲ့ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank