လူထုဗဟိုပြု စီမံကိန်း ရန်ကုန်တိုင်းအတွင်း တိုးချဲ့ မြို့နယ်အဖြစ် ခရမ်း မြို့နယ်ကို ပထမ ဦးစားပေးအဖြစ် ရွေးချယ်

Yangon, February 25, MRTV Media Coverage

လူထုဗဟိုပြု စီမံကိန်းဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ကျေးလက်နေလူထုအတွက် အဓိကကျတဲ့ အခြေခံ အဆောက်အအုံနဲ့ ဝန်ဆောင်မှုများကို လူထုဗဟိုပြု ချဉ်းကပ်နည်းဖြင့် အလွယ်တစ်ကူ ရယူ အသုံးပြုနိုင်စေဖို့အတွက် ဒီစီမံကိန်းကို ၂၀၁၃ ခုနှစ် ကတည်းက စတင် အကောင်အထည်ဖော်ခဲ့တာပါ။

စီမံကိန်း နေရာများ ထပ်တိုးလုပ်ဆောင်နိုင်ဖို့ အခြေအနေများ ဖြစ်ပေါ်လာတာကြောင့်လဲ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာလည်း ထပ်မံ အကောင်အထည်ဖော်မယ့် လူထုဗဟိုပြု စီမံကိန်း အတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အခမ်းအနားကို ဒီနေ့ (ဖေဖေါ်ဝါရီလ ၂၅ ရက်) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာ ကျင်းပခဲ့တဲ့ သတင်း တင်ပြပေးပါမယ်။

လူထုဗဟိုပြု စီမံကိန်းဟာ နိုင်ငံတော် အစိုးရဘတ်ဂျတ်၊ ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ၊ ဂျပန်အစိုးရ၊ အီတလီ အစိုးရ နဲ့ UK နိုင်ငံတို့မှ ချေးငွေနဲ့ ထောက်ပံ့ငွေများ အပါအဝင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၄၉ သန်းခန့်နဲ့ ဆောင်ရွက်ခဲ့တာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၆၃ မြို့နယ်တို့မှာ ပြည်သူလူထု ၇ သန်းကျော်တို့အတွက် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကျမတို့ ရွေးချယ်ပွဲ ကျင်းပတယ်ဆိုတာလည်း ကျမတို့ CDD project ရဲ့ အောင်မြင်မှု အတိုင်းအတာ တစ်ခုအနေနဲ့ ပြည်နယ်/ တိုင်း တွေ ၁၃ ခုမှာ ဖော်ပြနိုင်ခြင်း ဖြစ်ပါတယ်၊ မူလ စီမံကိန်း ရွေးချယ်ထားတာ ရန်ကုန်တိုင်းမှာ ဆိုရင် ထန်းတစ်ပင် မြို့နယ်၊ ကော့မှူး မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ၄ မြို့နယ် ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ ဒီ ရန်ကုန်တိုင်းမှာ နဂို ၄ မြို့နယ်ရှိတယ်၊ နောက်ထပ် တစ်မြို့နယ် ရလာပြီ ဆိုရင် ရွေးချယ်လိုက်တဲ့ မြို့နယ်မှာ ရှိတဲ့ ကျေးရွာအုပ်စုတွေအားလုံးမှာ မူလ ၄ မြို့နယ်တွေလိုပဲ ကျမတို့ infrastructure development နဲ့ ပတ်သတ်ပြီးတော့ရော ကျေးရွာသူ ကျေးရွာသားတွေရဲ့ capacity building ပေါ့နော်၊ စွမ်းဆောင်ရည်တွေ မြှင့်မားရေးတွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ဒါအင်မတန်မှ မင်္ဂလာရှိတဲ့ အချိန်အခါ ဖြစ်ပါတယ်” - ဒေါ်ညိုညိုဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန။

သတ်မှတ်စီမံကိန်း ကာလအတွင်း ထောက်ပံ့ရန်ပုံငွေထဲမှာ အပိုကျန်ရှိငွေများ ရှိလာတာကြောင့် ထပ်မံကာ စီမံကိန်း ဧရိယာ သတ်မှတ်နိုင်ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာလည်း မြောက်ပိုင်းခရိုင်နဲ့ တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ် ၇ မြို့နယ်ထဲကနေ စီမံကိန်း လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တာပါ။

“လိုအပ်ချက် အများဆုံးရှိတဲ့ မြို့နယ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ကျမတို့ ပြည်ထောင်စု ဝန်ကြီးဌာနဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနကို ပေးပို့ပြီးတော့မှ အတည်ပြုချက် ရရှိလို့ ရှိရင် ဒါမြို့နယ် ရွေးချယ်တဲ့အဆင့် ပြီးမြောက်မှာ ဖြစ်ပါတယ်” - ဒေါ်ညိုညိုဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန။

ဒီကနေ့ တွေ့ဆုံပွဲမှာ တက်ရောက်လာကြသူများထဲကနေ အဖွဲ့ ၁၀ ဖွဲ့ ခွဲပြီး ရွေးချယ်ခဲ့ရာ လူထုဗဟိုပြု စီမံကိန်း လုပ်ဆောင်ဖို့ ရန်ကုန် တောင်ပိုင်းခရိုင်မှ ခရမ်း မြို့နယ်ကို ပထမ ဦးစားပေး၊ သုံးခွ မြို့နယ်ကို ဒုတိယ ဦးစားပေး အဆင့်အနေနဲ့ ရွေးချယ် ထားတယ်လို့ သိရပါတယ်။

သတင်း - ဖြူသင်းအောင်၊ MRTV