မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ဝန်ခြုံးကျေးရွာအုပ်စု အိုင့်ကျယ်ကျေးရွာတွင် နှစ်စဥ်နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးပြတ်လပ်မှု ကြုံတွေ့နေရသည့်အတွက် ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (စတုတ္တနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာမြေသားရေလှောင်ကန်ကို ဖေဖော်ဝါရီ ၁၈ရက်က စတင်တူးဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင်ရာနှုန်းပြည့် ပြီးစီးအောင်မြင်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေသားရေလှောင်ကန်မှာ အလျား ပေ ၃၀၀၊ အနံပေ ၁၅၀၊ အမြင့်ပေ ၃၀ရှိပြီး လူထုဗဟိုပြုစီမံကိန်း(စတုတ္တနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေကျပ် ၁၂၅သိန်းကျော်နှင့် လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများ၏နည်းပညာများ အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုများ ၊ ကျေးလက်နေပြည်သူများ၏ လုပ်အားများနှင့်အတူ ပေါင်းစပ် တူးဖော်တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။
မြေသားရေလှောင်ကန်ပြီးစီးသည့်အတွက် အဆိုပါကျေးရွာရှိအိမ်ထောင်စု ၃၁စု၊ လူဦးရေ ၁၆၇ ဦးနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း အိုင့်ကျယ်ကျေးရွာနေ ဦးတင်အောင်၏ ပြောပြချက်အရ သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)
မကွေးတိုင်းဒေသကြီး