မူလတန်း စာသင်ကျောင်းဆောင်သစ် လုပ်ငန်းတွေကို စီမံကိန်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ရန် ပုံငွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ညဝင်းကျေးရွာအုပ်စု၊ သီးခြောက်ကျေးရွာမှာ မူလတန်း စာသင်ကျောင်းဆောင်သစ် ဆောင်ရွက်ပြီးစီးတဲ့ အခြေအနေတွေကို မတ်လ ၁၃ ရက်နေ့က တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်းစစ်ဆေးရာမှာ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသန်းထိုက်ဇော်၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသန့်၊ ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး တာဝန်ခံ ဦးသိန်းဇော်နဲ့ ဝန်ထမ်းတွေ၊ ကျေးရွာ စီမံကိန်း ကော်မတီဝင်တွေက သီးခြောက်ကျေးရွာ မူလတန်း စာသင်ကျောင်းဆောင် သစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

အလျား ပေ ၆၀၊ အရှည် ပေ ၃၀၊ အမြင့် ၁၂ ပေ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၀၅ သိန်းနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

သတင်း - စိုးမိုးကျော်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank