လှိုင်းဘွဲ့မြို့နယ် ကြာအင်းကျေးရွာအုပ်စု ရွာလေးကျေးရွာ “သီရိမင်္ဂလာ” ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ကြာအင်းကျေးရွာအုပ်စု ရွာလေးကျေးရွာ “သီရိမင်္ဂလာ” ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၄ ရက်နေ့ မနက် ၉ နာရီက အဲဒီကျေးရွာလမ်းဖွင့်ပွဲ မုဒ်ဦးမှာ ကျင်းပ ခဲ့ပါတယ်။

အခမ်းအနားမှာ လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးဌေးလင်းနဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗိုလ်ချုပ်ကြီး စောထွန်းတို့က အမှာစကား ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က ကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး ရှင်းလင်းတင်ပြပါတယ်။

အဲဒီနောက်မှာ ကျေးရွာတွင်း ကွန်ကရစ်လမ်း အခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးဌေးလင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗိုလ်ချုပ်ကြီး စောထွန်း၊ ရွာလေးကျောင်း ဆရာတော် ဦးသူရိယ၊ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင် ဦးဖာဦးလူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၂၀၂၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၆ လက်မခင်းခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၂၆၇ သိန်း၊ ကျေးရွာလူထု ထည့်ဝင်ငွေ ၂၂ ဒဿမ ၁၄ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှု၊ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသားတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - စိုးမိုးကျော်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank