သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်း ကော့ကရိတ် မြို့နယ်တွင် ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကရင်ပြည်နယ် ကော့်ကရိတ်ခရိုင် ကော့ကရိတ် မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်းနဲ့ အကောင်အထည်ထော် ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်း လုပ်ငန်းများနဲ့ ပတ်သတ်ပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ပြီး၊ သတင်းပြန်ကြားရေး ဆိုင်ရာ ဓါတ်ပုံပြခန်း ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက ကော့ကရိတ်ခရိုင်၊ ကော့ကရိတ် မြို့နယ် မွန်စု ကျေးရွာနဲ့ ပေါ့တူကုန်း ကျေးရွာများမှာ ကျင်းပ ပြုလုပ်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်များမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ သတင်းပြန်ကြားရေး ဆိုင်ရာ ဓါတ်ပုံပြခန်းမှာ ကော့ကရိတ် မြို့နယ် အတွင်း လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းဖြင့် ကျေးရွာ အသီးသီးမှာ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်း ဓါတ်ပုံများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးဆိုင်ရာ ပညာပေးပိုစတာများ၊ စီမံကိန်းဆိုင်ရာ လက်ကမ်း စာစောင်နဲ့ စာအုပ်များကို တက်ရောက်လာတဲ့ကျေးရွာသူ ကျေးရွာသားများက လေ့လာ ဖတ်ရှုကြပြီး၊ လူထုဗဟိုပြု စီမံကိန်းဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများကို ကော့ကရိတ်မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများက မေးမြန်းပြီး၊ ဖြေဆိုနိုင်သူများကို စီမံကိန်း တံဆိပ်ပါ ဘောပင်၊ တီရှပ် အင်ကျီများ၊ ဦးထုပ်များ ဆုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်းများ ဖွင့်လှစ်ခြင်းဟာ ကျေးလက်နေပြည်သူများ လူထုဗဟိုပြု စီမံကိန်းဆိုင်ရာ အချက်အလက်များကို ပိုမို သိရှိစေရန် စီမံကိန်းနဲ့ ပိုမိုရင်းနှီးကျွမ်းဝင်မှု ရရှိစေရန်နှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပူးပေါင်း ပါဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်ပြီး၊ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - စိုးမိုးကျော်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank