ထီးလင်းမြို့. ဧပြီလ ၃ ရက်
ငါန်းဇွန်မြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများအား မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် တတိယနှစ်စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသော လက်ထောက်နည်းပညာမှူးများ၊ လူထုစည်းရုံးရေးမှူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးမှ သက်ဆိုင်ရာဝန်ထမ်းများသည် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ငါန်းဇွန်မြို့နယ်အား သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ငါန်းဇွန်းမြို့နယ် စီမံကိန်းတာဝန်ခံများနှင့် တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက် နေခြင်းနှင့် ပတ်သတ်၍ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါမြို့နယ် ဝန်ထမ်းများနှင့် လေ့လာရေးဝန်ထမ်းများက မိမိတို့မြို့နယ်အတွင်း စီမံကိန်းဆောင်ရွက်ရာ အားနည်းချက်၊ အားသာချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ထီးလင်းမြို့နယ် လေ့လာရေးဝန်ထမ်းများသည် ငါန်းဇွန်းမြို့နယ်အတွင်းရှိ(၄)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းအနက် ကျေးရွာ (၈)ရွာအား အုပ်စု (၂)စုခွဲကာ အဆောက်အဦ၊ မီးလင်းရေး၊ လမ်းတံတား၊ ရေရရှိရေးနှင့် အခြားလုပ်ငန်းများကို (1.4.2019)ရက်နေ့မှ (3.4.2019)ရက်နေ့ထိ ကွင်းဆင်းလေ့လာခဲ့ကြပြီး အဆိုပါကျေးရွာများမှ လေ့လာတွေ့ရှိချက်များအား ချပြဆွေးနွေးခြင်း၊ အကြံပေးခြင်း၊ စီမံကိန်းဆိုင်ရာ ဗဟုသုတများ ဖလှယ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းဖလှယ်ခြင်းနှင့် သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ ငါန်းဇွန်မြို့နယ်လူထုုဗဟိုပြုစီမံကိန်းသည် စတုတ္ထနှစ်စက်ဝန်းတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော လမ်းတံတား(၈၀)ခု၊ ရေပေးရေး(၈)ခု၊ မီးလင်းရေး (၆၇)ခု၊ အဆောက်အဦ (၂၇)ခု၊ အခြားလုပ်ငန်း(၅) စီမံကိန်းလုပ်ငန်းခွဲ စုစုပေါင်း (၁၈၇)ခုအား စီမံကိန်းထောက်ပံ့ငွေ (၂၂၀၃) ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး လူထုဗဟိုပြုစီမံကိန်း(၄)နှစ်တာ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းခွဲစုစုပေါင်း(၆၂၇)ခုအား စီမံကိန်းထောက်ပံ့ရန်ပုံငွေ (၆၇၈၇)ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။
စိုးမိုး(မကွေး)