ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းပြခန်းအား နိုင်ငံတော်သမ္မတမှ ကြည့်ရှုလေ့လာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းအကြောင်းကို အများပြည်သူများမှ ပိုမိုသိရှိပြီး ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ လူထုဗဟိုပြုစီမံကိန်းပြခန်းနှင့် Information Campaign ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကျရောက်သော (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအား ပြည်နယ်အဆင့်အဖြစ် ကျင်းပပြုလုပ်ရာ ဟားခါးမြို့၊ ဝမ္မသူးမောင်းအားကစားကွင်းတွင် ဖွင့်လှစ်ပြုလုပ်ခဲ့ပါသည်။

အဆိုပါချင်းအမျိုးသားနေ့အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီးတို့တက်ရောက်ရာ ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းပြခန်းအား  ကြည့်ရှုလေ့လာအားပေးခဲ့ကြပါသည်။ ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ဧည့်သည်တော်များအား ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်မှ ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

ပြခန်းတွင် ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများနှင့် စီမံကိန်းဆိုင်ရာ ပိုစတာ(ရ)မျိုး၊ စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့်အခြားIECပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ Information Campaign တွင် လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမေးအဖြေများလည်း ပြုလုပ်ခဲ့ရာ စိတ်ပါဝင်စားဝင်ရောက်ဖြေဆိုသူများအား စီမံကိန်းတံဆိပ်ပါတီရှပ်၊ ဦးထုပ်နှင့်ဘောပင်များကို လက်ဆောင်ပေးခဲ့ကြပါသည်။

ချင်းပြည်နယ်တွင် လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃ခုနှစ်တွင် ကန်ပက်လက်မြို့နယ်၊ ၂၀၁၅ခုနှစ်တွင် ပလက်ဝမြို့နယ်၊ ၂၀၁၆ခုနှစ်တွင် မတူပီမြို့နယ်နှင့် ၂၀၁၇ခုနှစ်တွင် တွန်းဇံမြို့နယ်များ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကန်ပက်လက်မြို့နယ်သည် ၂၀၁၇ခုနှစ်တွင် စီမံကိန်း(၄)နှစ်စက်ဝန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသဖြင့် စီမံကိန်းပိတ်သိမ်းပြီးဖြစ်ပါသည်။