မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မန္တ္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်ကမ႓ာ့ဘဏ်တို့ ပူပေါင်း၍ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးနှင့် ဦးဇော်ဝင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးတို့က အမှာစကားပြောကြားပြီး Network Activities Groupမှ International CDD Sepcialist Ms.Dinky က စီမံကိန်းနှင့်ပက်သက်၍ သဘောထားအမြင်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ပြုံးကြည်က ကျေးရွာစီမံကိန်းစက်ဝန်း အခြေအနေများကိုရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ မေးမြန်းသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

ထို့နောက် ကျေးရွာများမှအစည်းအဝေး တက်ရောက်လာသူအားလုံးကို သက်ဆိုင်ရာခေါင်းစဉ်အလိုက် အုပ်စုခုနှစ်ခုဖွဲ့၍ဆွေးနွေးပြီး အုပ်စုဖွဲ့ဆွေးနွေးမှု ရလဒ်များကို ဘက်လိုက်မှုမရှိ အများလေးစားရသော ပုဂ္ဂိုလ်များပါဝင်သည့် မြို့နယ်ဂျူရီအဖွဲ့က ဇကာတင်စာရင်းအား အကဲဖြတ်စံနှုှန်းများဖြင့် အကောင်းဆုံး ကျေးရွာအုပ်စု သုံးအုပ်စုနှင့် ကျေးရွာသုံးရွာ ရွေးချယ်ပေးကြသည်။

ယင်းနောက် အဖွဲ့လိုက်ဆွေးနွေးချက်များကို တစ်ဖွဲ့လျှင် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး တို့က အဓိကအချက်ကို အကျဉ်းချုပ်တင်ပြပြီး မြို့နယ်လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ပြုံးကြည်က ဆုရွေးချယ်မှု အစီအစဉ်ကို ရှင်းလင်းပြောကြားကာ ဆုရရှိသည့် ကျေးရွာအုပ်စုနှင့် ကျေးရွာများကို ဆုချီးမြှင့်ပေးအပ်သည်။

အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့(NAG)မှ တာဝန်ရှိသူများ၊ စီမံကိန်းဝန်ထမ်းများ၊ ဒေသခံအဖွဲ့အစည်းများနှင့် ပြည်သူများ၊ ဖိတ်ကြားထားသူများ၊ စုစုပေါင်းဦးရေ (၆၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။