အမေးအဖြေကဏ္ဍ

Monitoring ဆိုသည်မှာ စီမံကိန်း၏ မျှော်မှန်းချက်ပန်းတိုင်ကို အမှန်တကယ်ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာ စီမံခန့်ခွဲမှုက လိုအပ်သလို ဆုံးဖြတ်ချက် ချမှတ်နိုင်စေရန် အလို့ဌာ သတင်းအချက်အလက်များကို ပေးပို့နိုင်စေရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ်ကောက်ယူစုဆောင်းခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များကို ခေါ်ပါသည်။

Evaluation ဆိုသည်မှာ စီမံကိန်းသည် မျှော်မှန်းထားသည့် အကျိုးရလဒ်များ     ရ-မရကို သိရှိစေရန်အတွက်နှင့် အနာဂါတ်တွင် ဗျူဟာမြောက် အစီအစဉ်များ ချမှတ်နိုင်စေရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်များကို သတ်မှန်ချိန်များအလိုက် ကောက်ယူစုဆောင်ခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကို  ခေါ်ပါသည်။

ကျေးရွာစောင့်ကြည့်ကြီးကြပ်ရေးကော်မတီဝင်များအနေဖြင့်လည်း မိမိတို့ကျေးရွာတွင်းရှိ စီမံကိန်းလုပ်ငန်းများ ချောချောမွေ့မွေ့ အရည်အသွေးပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှူစစ်ဆေးပြီး ဖြေရှင်းနိုင်ခြင်း မရှိသည့်အခြေအနေများကို ကျေးရွာအုပ်စု ကော်မတီသို့ အချိန်နှင့် တစ်ပြေးညီတင်ပြခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိသည်။



မြို့နယ်အဆင့် စောင့်ကြည့်ကြီးကြပ်ရေးတာ၀န်ရှိသူများသည် စီမံကိန်းကျေးရွာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား စုစည်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးသို့ သုံးလတစ်ကြိမ် အစီရင်ခံတင်ပြခြင်း၊ မြို့နယ်စီမံကိန်းတိုးတက်မှုအခြေအနေများကို အပါတ်စဉ် MIS မှတဆင့် တင်ပြခြင်း၊ ကျေးရွာစီမံကိန်းလုပ်ငန်းခွဲများအား ကွင်းဆင်းစစ်ဆေးခြင်း စသည်ဖြင့်ဆောင်ရွက်လျက်ရှိသည်။

တိုင်းဒေသကြီး/ပြည်နယ် အနေဖြင့် ၄င်းတို့သက်ဆိုင်ရာဒေသအတွင်းရှိ စီမံကိန်းမြို့နယ်များသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့နယ်များမှ သုံးလတစ်ကြိမ် တင်ပြလာသည့် အစီရင်ခံစာများကို စုစည်း၍ လိုအပ်သည်များ လမ်းညွန်ပေးခြင်း နှင့် ပြည်ထောင်စုအဆင့်သို့ သုံးလတစ်ကြိမ် အစီရင်ခံတင်ပြခြင်းစသည်ဖြင့် ဆောင်ရွက်လျက်ရှိသည်။



ပြည်ထောင်စုအဆင့် မှ စောင့်ကြည့်အကဲဖြတ်ရေးအဖွဲ့သည် မြို့နယ်များ၏ စီမံကိန်းလုပ်ငန်းခွဲများ၏ ဖြစ်စဉ်ပေါ် အခြေခံ၍ လိုအပ်သည့်မြို့နယ်များအားကွင်းဆင်းစစ်ဆေးခြင်း၊ အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံကိန်းရုံးများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ သုံးလပတ်အစီရင်ခံစာများအပေါ် အရေးယူဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြခြင်း၊ သုံးလပတ်၊ နှစ်ပတ်လည် အစီရင်ခံစာများအား ကမ္ဘာ့ဘဏ်နှင့် အစိုးရအဖွဲ့သို့ တင်ပြအစီရင်ခံခြင်း၊ cdd.drdmyanmar.org ဝက်ဆိုဒ်တွင် အများပြည်သူကြည့်ရှုနိုင်ရန် တင်ပြခြင်း စသည်ဖြင့်ဆောင်ရွက်လျက်ရှိသည်။

 

M&E လုပ်ရခြင်း အကြောင်းရင်းမှာ စီမံကိန်းလုပ်ငန်းများ၏

1.    အရည်အသွေးပိုကောင်းလာစေရန်

2.    ဆန်းစစ်ခံနိုင်ရန်

3.    သင်ခန်းစာများ မှတ်သားနိုင်ရန်နှင့်

4.    နောက်လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချရန်ဖြစ်သည်။

 

Management Information System (MIS) သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် ဆိုသည်မှာ စီမံကိန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ကိန်းဂဏန်းအချက်အလက်များကို ကွန်ပျူတာနည်းပညာ အသုံးပြု၍ စနစ်တကျ စုစည်း သိမ်းဆည်းထားသည့် စနစ်တစ်ခုဖြစ်သည်။

လူထုဗဟိုပြုစီမံကိန်းတွင် ကိန်းဂဏန်း အချက်များကို စီမံကိန်းမြို့နယ်များရှိ လူထုစည်းရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူးများမှ Tablets ဖြင့်ကောက်ယူပြီး မြို့နယ် စီမံကိန်းရုံးရှိ System Server သို့ အချက်အလက်များကို upload လုပ်သည်။ အဆိုပါ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ် မှ M&E/MIS officer and Counterpart မှ စစ်ဆေးပြီး အချက်အလက်များ မှန်ကန်ပါက Union level server ပေါ်သို့ အင်တာနက်မှ တဆင့် အချက်အလက်များကို ထပ်မံ upload လုပ်သည်။ ထို့မှတဆင့် စီမံကိန်းဆိုင်ရာ ဝက်ဆိုဒ် (www.ncddmis.com) တို့တွင် အချက်အလက်များကို အလိုအလျောက် ဖော်ပြပေးသွားမည်ဖြစ်သည်။ 

 

 

စီမံကိန်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များနှင့် တိုးတက်မှုအခြေအနေများအား  ncddmis.com တို့တွင် မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

M&E တာ၀န်ရှိသူများ သာမက စီမံကိန်းတွင် ပါ၀င်ဆောင်ရွက်နေသူများအားလုံး အတူပူးပေါင်းပါဝင် ဆောင်ရွက်ရန်တာဝန်ရှိသည်။