အမေးအဖြေကဏ္ဍ

လူထုဗဟိုပြုစီမံကိန်းသည် ကျေးလက်ဒေသနေပြည်သူလူထု၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ပြည်သူဗဟိုပြုသောနည်းလမ်းဖြင့် လက်လှမ်းမှီအသုံးပြု နိုင်ရန်နှင့်ပြည်သူလူထုအား စွမ်းဆောင်ရည်တိုးတက် မြှင့်မားလာစေရန် ရည်ရွယ်ပါသည်။ ထိုရည်ရွယ် လုပ်ဆောင်ရာတွင် ကျားမရေးရာအမြင်များ ထည့်သွင်းလုပ်ဆောင်ခြင်းသည်လည်း အရေးကြီးသော အခန်းကဏ္ဍ တစ်ခုုဖြစ်ပါသည်။



အဘယ်ကြောင့်ဆိုသော် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖေါ်ခြင်းလုပ်ငန်းများတွင် ကျားမရေးရာအမြင်များကို ထည့်သွင်းစဉ်းစားမှုအားနည်းပါသည်။ ထိုအခြေခံအဆောက်အအုံများကို သုံးပြု သူများသည် အမျိုးသားနှင့် အမျိုးသမီးအပါအဝင် ကလေး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများ ဖြစ်သည့် အတွက် ၄င်းတို့အမှန်တကယ်လိုအပ်သော အခြေခံအဆောက်အအုံများကို အစီအစဉ်ရေးဆွဲအကောင် အထည်ဖေါ်ရန်လိုအပ်ပါသည်။ ထိုသို့အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အမျိုးသားနှင့် အမျိုးသမီး အကြား မတူညီသောအမြင်များကိုထည့်သွင်းစဉ်းစားရန်နှင့် ဆုံးဖြတ်ချက်ချပိုင်ခွင့်များကို အတူတကွ ရရှိစေရန်လည်းလိုအပ်ပါသည်။ အမျိုးသမီးများကိုလည်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ၄င်းတို့တတ်စွမ်းသည့်ဘက်မှပါဝင်နိုင်ရန် အခွင့်အလမ်းများလည်းဆောင်ရွက်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိနိုင်သည့်အပြင် ဆောက်လုပ်ရေးနှင့်ပတ်သက်သော နည်းပညာများ၊ ဗဟုသုတများကိုလည်း နားလည်လာစေနိုင်ပါသည်။ ထိုသိုအမျိုးသားနှင့်အမျိုးသမီးများ အားလုံးအတူတူတန်းဖိုးထားပြီး မျှဝေဆောင်ရွက် သည့် အလေ့အထများကိုလည်း ရရှိစေရန်ရည်ရွယ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းတွင် ကျားမရေးရာတန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် အတွက် အောက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက်လျက်ရှိပါသည်။ ၄င်းတို့မှာ -

  • (၁)ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီနှင့် ကျေးရွာအုပ်စုစီမံကိန်း အထောက်အကူပြုကော်မတီတို့ တွင် အမျိုးသမီးနှင့် အမျိုးသားအချိုးညီစွာ (၅ဝး၅၀) ပါဝင်ရန်
  • (၂)ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီနှင့် ကျေးရွာအုပ်စုစီမံကိန်း အထောက်အကူပြုကော်မတီတို့ တွင် အမျိုးသမီးဥက္ကဌ တစ်ဦးပါဝင်ရန်
  • (၃) ဆပ်ကော်မတီတိုင်းတွင် အနည်းဆုံးအမျိုးသမီးတစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပိုပြီးပါဝင်ရန်
  • (၄)ကျေးရွာအုပ်စုတွင် နှစ်စဉ်နှစ်တိုင်းအမျိုးသမီးများကရွေးချယ်သောစီမံကိန်းလုပ်ငန်းခွဲ တစ်ခုအကောင် အထည်ဖော်ဆောင်ရွက်ရန်
  • (၅) တူညီသောအလုပ်အတွက် တူညီသောလုပ်အားခရရှိရန်
  • (၆) စီမံကိန်းလုပ်ငန်းစဉ်အဆင့်တိုင်းတွင် ကျား/မရေးရာအမြင်များထည့်သွင်းလုပ်ဆောင်ရန်

 

လူထုဗဟိုပြုစီမံကိန်းတွင်အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ တူညီသောအလုပ်အတွက် တူညီသောလုပ်အားခ ရရှိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တူညီသောအလုပ်အတွက် တူညီသောလုပ်အားခရရှိရန်မှာ အမျိုးသမီးနှင့် အမျိုးသားတို့အတွက် အခြေခံကျသော လူ့အခွင့်အရေးဖြစ်ပါသည်။ တူညီသောအလုပ် အခြေအနေတွင် အမျိုးသမီးများနှင့် အမျိုးသားများသည် စီမံကိန်းတွင်ကိုယ်တိုင်ပါဝင်လုပ်ဆောင်မှု နှင့်စိုက်ထုတ်ရသောအချိန်မှာအတူတူပင်ဖြစ်သည်။ ထို့အပြင် လူထုဗဟိုပြုစီမံကိန်းတွင် အမျိုးသမီးများ နှင့်အမျိုးသားများအတွက် အလုပ်အကိုင်အခွင့်အရေးတူညီစွာရရှိရန်ဖန်တီးပေးသင့်ပြီး အမျိုးသမီးများအတွက် ပိုမိုထောက်ပံ့မှုများပြုလုပ်ပေးပါက ၄င်းတို့သည် အမျိုးသားများနှင့် တန်းတူပါဝင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများ တန်းတူပါဝင်လုပ်ကိုင်နိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည့် မည်သည့် အတားအဆီးကိုမဆိုဖယ်ရှားပေးရန်လိုအပ်သည်။ ထိုအခြေခံမူကိုလူထုလုပ်အားနှင့်လုပ်ကိုင်သောလုပ်ငန်းခွင် တွင်သာမကကန်ထရိုက်တာများနှင့် လုပ်ကိုင်သောလုပ်ငန်းခွင်တွင်လည်းလိုက်နာကျင့်သုံးရန် လိုအပ်သည်။

ရရှိလာသောအကျိုးကျေးဇူးအချို့မှာ -

  • အမျိုးသမီးများကို ကျေးရွာအစည်းအဝေးများတွင် နေရာပေးလာခြင်း၊ စီမံကိန်းတွင် အမျိုးသမီးများ၏ အကြံဉာဏ်များကိုလက်ခံလုပ်ဆောင်လာခြင်း
  • အမျိုးသမီးနှင့်အမျိုးသားပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် စီမံကိန်းလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့ခြင်း။
  • အမျိုးသမီးများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်သောအသိပညာဗသုတများရရှိလာခြင်း။
  • ပြင်ပလုပ်ငန်းများတွင်လည်းလုပ်အားခတန်းတူပေးသောအလေ့အထများကျင့်သုံးလာခြင်း။
  • ကျေးရွာတွင်ရှိသောအမျိုးသားများနှင့် အမျိုးသမီးများအပေါ်ထားရှိသောရှေးရိုးဆွဲအယူအဆများ၊ အတွေးအခေါ်များတဖြည်းဖြည်းပြောင်းလဲလာခြင်း။