တန့်ယန်း မြို့နယ်အတွက် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက် အစည်းအဝေးသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြား

Chief Minister for Shan State Delivers Opening Remarks at NCDDP’s Virtual Socialization Workshop for Tangyan

Shan, 4 December 2020,

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထု ဗဟိုပြု စီမံကိန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်း မြို့နယ် တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း မိတ်ဆက် ရှင်းလင်းမှု အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ လ ၄ ရက်နေ့က မနက်ပိုင်းက Video Conferencing စံနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

“ရှမ်းပြည်နယ်အတွင်း မြို့နယ် ၅၅ ခု ရှိတဲ့ အနက် လူထု ဗဟိုပြု စီမံကိန်းက မြို့နယ် ၂ မြို့နယ်မှာ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ မြို့နယ် ၃ မြို့နယ်မှာ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အခုနှစ်က စပြီး တန့်ယန်း မြို့နယ်မှာ တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ရှမ်းပြည်နယ်အတွင်း လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်တဲ့ မြို့နယ် စုစုပေါင်း ၆ မြို့နယ်ရှိလာမှာ ဖြစ်ပါတယ်။ အခု စီမံကိန်း အကောင် အထည်ဖော်မယ့် တန့်ယန်း မြို့နယ်မှာရှိတဲ့ ကျေးရွာ အုပ်စုပေါင်း ၄၉ အုပ်စု၊ ကျေးရွာပေါင်း ၆၀၁ ရွာမှာ နေထိုင်ကြတဲ့ ကျေးလက် ပြည်သူလူထု ၁၇၄,၀၀၀ ကျော် အနေနဲ့ စီမံကိန်း လုပ်ငန်းတွေကနေ အကျိုးကျေးဇူးတွေကို ခံစားကြရတော့မှာ ဖြစ်လို့ အကောင် အထည်ဖော်မယ့် စီမံကိန်း လုပ်ငန်းတွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြမှာ ဖြစ်ပါတယ် ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

လူထု ဗဟိုပြု စီမံကိန်းမှ ရှမ်းပြည်နယ် နမ့်စမ်မြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် ကျေးလက် လူထုက ကိုယ်တိုင်ရွေးချယ် သော ဦးစားပေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာ ခန်းမ ဆောင်စသည့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို လေးနှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သည်။ ယခုအခါ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၊ မောက်မယ်မြို့နယ်နှင့် မိုင်းခတ်မြို့နယ်တို့တွင် စီမံကိန်း လုပ်ငန်းများကို ၂ နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ကျန်ရှိသည့် လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် Senior Social Development Specialist ဖြစ်သူ Ms.Patricia Fernandes တို့က စီမံကိန်း အကြောင်း အမှာစကား ပြောကြားပြီး၊ စီမံကိန်း အကြောင်းကို ဗွီဒီယိုဖြင့် ပြသ ရှင်းလင်းကာ တက်ရောက် လာကြသူများမှ သိရှိလိုသည်များ၊ မေးမြန်းချက်များကို စီမံကိန်း တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ခရိုင် မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ CSOs, NGOs အဖွဲ့အစည်းများက တက်ရောက် ခဲ့ကြသည်။

“လူထု ဗဟိုပြု စီမံကိန်း အနေနဲ့ စီမံကိန်းလုပ်ငန်းတွေကို နိုင်ငံတစ်ဝှမ်း အကောင် အထည် ဖော်လျက်ရှိရာမှာ ပဋိပက္ခ ဖြစ်ပွားလျက် ရှိတဲ့ ဒေသတွေလည်း ပါဝင်ပါတယ်။ ပဋိပက္ခ ဖြစ်ပွားလျက် ရှိတဲ့ ဒေသတွေမှာ စီမံကိန်း လုပ်ငန်းခွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဒေသခံ အစု အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး အကောင် အထည်ဖော်တဲ့ စီမံကိန်း လမ်းညွှန်ချက်တွေကို လိုက်နာ အကောင်အထည် ဖော် ဆောင်ရွက်ပါတယ်။ ရှမ်းပြည်နယ်မှာ ရှိတဲ့ တစ်ခြား မြို့နယ်တွေမှာ လည်း အဲဒီ လမ်းညွှန်ချက်တွေကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ အခု တန်ယန်းမြို့နယ်မှာလည်း အလားတူ အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် Senior Social Development Specialist ဖြစ်သူ Ms.Patricia Fernandes က အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။

တန့်ယန်းမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်က စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်ရာတွင် အခြား အစိုးရ ဌာန အဖွဲ့အစည်းများမှ လုပ်ငန်းများနှင့် မထပ်စေရန် မည်ကဲ့သို့ ဆောင်ရွက်ပါကြောင်းနှင့် တန့်ယန်း မြို့နယ်ရှိ ကျေးရွာ အုပ်စု ၉ အုပ်စုတွင် နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိသောကြောင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း မရှိရာ စီမံကိန်း လုပ်ငန်းခွဲများကို အဆိုပါ ကျေးရွာ အုပ်စုများတွင် ဆောင်ရွက်ရန် ရှိမရှိစသည့် တို့ကို ပါဝင်ဆွေးနွေး မေးမြန်းခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၏ မေးခွန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြန်လည် ဖြေကြားရာတွင် စီမံကိန်း လုပ်ငန်းခွဲများ မဆောင်ရွက်မှီ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီ ဖွဲ့စည်းရာတွင် လုပ်ငန်းဆက်စပ်မှု ရှိသော အခြား အစိုးရ ဌာနများမှ တာဝန်ရှိသူများနှင့် ဒေသခံ လူမှု အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ ပါရှိသဖြင့် စီမံကိန်း လုပ်ငန်းခွဲများကို မထပ်စေရန် မေးမြန်း ညှိနှိုင်း ဆောင်ရွက်ပါကြောင်းနှင့် ဒေသခံ အစုအဖွဲ့ အသီးသီးက သဘောတူ ဖိတ်ခေါ်သည့် မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုတိုင်းတွင် စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် လူထု ဗဟိုပြု စီမံကိန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် နိုင်ငံ တစ်ဝှမ်း မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်ကာ စီမံကိန်းတွင် မြို့နယ်များ အားလုံး ပါဝင်ပြီးသော နေပြည်တော် ကောင်စီနယ်မြေနှင့် ကယားပြည်နယ်တို့မှ အပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် စီမံကိန်း လုပ်ငန်းများ တိုးချဲ့ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။