ကျိုက်မရောမြို့နယ် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

မော်လမြိုင်၊ နိုဝင်ဘာ ၂၀

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြု စီမံကိန်းကို မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှ စတင်ကာ တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို Video Conferencing စနစ်ဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးမှ အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ စီမံကိန်း မိတ်ဆက် အမှာစကား ပြောကြားပြီး၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် Ms. Paticia Fernandes မှ မိတ်ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမန်နေဂျာ ညွှန်ကြားရေးမှူး ဦးလှခိုင် မှ စီမံကိန်းအကြောင်းကို Videoဖြင့် ရှင်းလင်း ပြသခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများမှ စီမံကိန်းအကြောင်း သိရှိလိုသည်များ မေးမြန်းကြပြီး ပြည်ထောင်စုအဆင့် စီမံကိန်း တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ခဲ့ပါသည်။

ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် လူထုဗဟိုပြု စီမံကိန်းကို ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ၆၃  မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျိုက်မရောမြို့နယ်တွင်  ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ စီမံကိန်းကို လေးနှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး၊ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်မြင့်ခိုင်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် Ms. Paticia Fernandes ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ကိုယ်စား လှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ကိုယ်စား လှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်  လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

မွန်ပြည်နယ်ကျေးလက်

Documents: