ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Virtual Coordination Meeting on Rural Development Jointly Organized by Department of Rural Development and Other Development Partners

Naypyitaw, 17 November 2020, Ministry of Information

နေပြည်တော် ၁၇ နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသော လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခန့်ဇော်က ကမ္ဘာလုံး ဆိုင်ရာ ကူးစက်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားခြင်း ကြောင့် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်စေပါကြောင်း၊ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို လျော့ပါးစေရန် စီးပွားရေး ကုစားမှု အစီအစဉ် COVID-19 (CERP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် အစီအစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ နှစ်စဉ် ပျမ်းမျှအားဖြင့် ကျေးလက်ရေပေးရေး လုပ်ငန်းများကို ကျေးရွာပေါင်း (၂၀၀၀)တွင် လည်းကောင်း၊ အသေးစားနှင့် ဆိုလာစနစ်တို့ဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းများကို ကျေးရွာပေါင်း (၈၀၀)တွင် လည်းကောင်း၊ ကုန်ထုတ်လမ်း (၇၉၀)မိုင်ကိုလည်းကောင်း၊ တံတား (၉၂၁)ခုကို လည်းကောင်း၊ မြစိမ်းရောင် စီမံကိန်းကို ကျေးရွာပေါင်း (၄၀၀)တွင် လည်းကောင်း၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းကို ကျေးရွာပေါင်း (၃၅၀၀)နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများကို (၉၂၈)ကြိမ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေနှင့် နည်းပညာ အထောက်အပံ့တို့ဖြင့် Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

Cash for Work စီမံကိန်းသည် ဆင်းရဲ နွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ ချက်ချင်း ရရှိစေရန် ရည်ရွယ်၍ မြို့နယ် (၂၅၉)မြို့နယ်ရှိ ကျေးရွာပေါင်း (၂၅၀၅)ရွာ၌ လူမှုရေး အခြေခံ အဆောက်အဦများကို အလုပ်သမား (၄၄၀၂)ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းသည် လုပ်ကွက်ငယ် တောင်သူများနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ အတွက် အသက်မွေး၀မ်းကျောင်း လုပ်ငန်းများ တိုးတက် လာခြင်းနှင့် ၀င်ငွေတိုးမြှင့် လာစေရန် ရည်ရွယ်ပြီး ကျေးရွာပေါင်း ၁၇၁၀ ရှိ အိမ်ထောင်စု ပေါင်း (၁၃၄,၀၀၀) တွင် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ ထောက်ပံ့ပေး ခဲ့ပါကြောင်း၊ ထို့အပြင် ကျေးလက် ဦးစီးနှင့် UNICEF တို့ ပူးပေါင်း၍ နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး အားလုံးရှိ ကျေးရွာပေါင်း (၂၇၈၇)ရွာ၊ မြို့နယ်ပေါင်း (၃၃၉) မြို့နယ်ရှိ ဈေးများ၊ ကျောင်းများ၊ Quartine Center တို့တွင် လက်ဆေးဘေစင် (၄၀၆၃)စင်ကို တပ်ဆင်ပေးခဲ့ပါ ကြောင်း၊ ကျေးလက် ပြည်သူများ၏ ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျှော့ချစေရန် အသေးစား လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်ဓာတ်အားခ လျှော့ချပေးခြင်းနှင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းတွင် အတိုးနှုန်းများ လျှော့ချပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်သည့် အဖွဲ့အစည်းများမှ ကိုဗစ်-၁၉ တုံ့ပြန်နိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အစီအစဉ်များ ရှိပါက ယခုအစည်းအဝေးတွင် မျှဝေပေး စေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့စည်းများမှ တာဝန်ရှိသူများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Myanmar Digital News

http://www.mdn.gov.mm/index.php/my/kelkdes-phnphiuttiuttkreuuciitthaannng-phnphiuremittphkaphaiacnnyttiu-puupengr