တနင်္သာရီမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) နှင့် Cash for Work စီမံကိန်း ကျေးရွာ ရွေးချယ်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်

Coordination Meeting Organized for Selection of Villages for Village Development Project and Cash for Work Project in Tanintharyi

Tanintharyi, 16 November 2020, Ministry of Information

တနင်္သာရီ နိုဝင်ဘာ ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာလ စီးပွါးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်မည့် Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် မြို့နယ် စီမံကိန်း ရေးဆွဲရေး အကောင်အထည်ဖော်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးရယ်လွင်က စီမံကိန်း ကျေးရွာ ရွေးချယ်ရာတွင် အဓိက စံနှုန်း(၆) ချက်နှင့်အညီ ရွေးချယ်နိုင် ရေး တင်ပြဆွေးနွေးပေးရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များက သတ်မှတ်ချက်များနှင့် ကိုက်ညီသော (VDP) ကျေးရွာ (၇) ရွာနှင့် Cash For Work စီမံကိန်း ကျေးရွာ (၁၄)ရွာတို့အား ရွေးချယ်ပေးကြပြီး၊ ကျေးရွာ တစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာ ကော်မတီဝင်များ၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း သိရသည်။

နန်းသာရီ - ထိန်ဝင်း (ပြန်ဆက်)

https://www.moi.gov.mm/iprd/news/21156