မြိတ်မြို့နယ်အတွင်း ကိုဗစ် -၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ဖွံ့ဖြိုးမှု လိုအပ်လျက်ရှိသည့် ကျေးရွာ (၁၅) ရွာ၌ Cash for Work စီမံကိန်းနှင့် VRFP စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မြိတ်၊ စက်တင်ဘာ ၁၁

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ် အတွင်းရှိ ဖွံ့ဖြိုးမှု လိုအပ်လျက်ရှိသည့် ကျေးရွာ (၁၅) ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (Covid-19 Economic Relife Plan) ဖြင့် Cash for work စီမံကိန်း နှင့် Village Revolving Fund Project (VRFP) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် Cash for work စီမံကိန်းကို ကျေးရွာ(၁၁) ရွာ၌ ရန်ပုံငွေကျပ် သိန်း (၁၁၀၀) ဖြင့် လည်းကောင်း၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကို ကျေးရွာ (၄) ရွာ၌ ရန်ပုံငွေကျပ် သိန်း (၉၀၀) ဖြင့်လည်းကောင်း ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာများတွင် ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်း အမျိုးအစားများ ရွေးချယ်ကာ ကျေးရွာသူ၊ ကျေးရွာသားများဖြင့် ဆောင်ရွက်ခဲ့ကြရာ လုပ်ငန်းဆောင် ရွက်မှုများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်ထံမှ သိရသည်။

Cash for work စီမံကိန်း၌ ကျေးရွာ တစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာအလိုက် မြေသား ရေနုတ်မြောင်း တူးဖော်ခြင်း၊ မြေသား ရေနုတ်မြောင်း တူးဖော်ခြင်နှင့် ဝါးကပ်မြေတား ပြုလုပ်ခြင်း၊ အုတ်စီ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ကျေးရွာတွင်း (၂)လက်မ ပီဗီစီရေပိုက် သွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာများတွင် ကျေးလက်နေ ပြည်သူများမှ ရေမီတာ တပ်ဆင်၍ ရေသွယ်တန်းကြသဖြင့် ရေအသုံးပြုမှု အဆင်ပြေ လာကြကာ ကျေးရွာရေရရှိရေးလုပ်ငန်းမှ ရရှိလာမည့် ရန်ပုံ ငွေဖြင့် ‌ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြင်ဆင် ထိန်းသိန်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ရရှိလာသည့် အကျိုးအမြတ်များဖြင့် ကျေးရွာရန်ပုံငွေ ထူထောင်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VIFP) ဖြင့် ကျေးရွာများတွင် ကျေးရွာ အိမ်ခြေအလိုက် ကျပ် သိန်း(၁၀၀)၊ သိန်း(၂၀၀)၊ သိန်း(၃၀၀)ဖြင့် ကျေးရွာ ကော်မတီ အစီအစဉ်ဖြင့် ကျေးရွာသူ/သား (၁၉၈)အား အတိုးနှုန်း (၅၀)ပြားဖြင့် ထုတ်ချေးပေးခဲ့ရာ ကျေးရွာသူ/သားများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ် ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြ၍ မွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်သူ (၈၀)ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေး ကုစားရေး အစီအစဉ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဖွံ့ဖြိုးမှု လိုအပ်လျက် ရှိသည့် ကျေးရွာ (၁၅) ရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရာ၌ ကျေးရွာအစီ အစဉ်ဖြင့် ကျေးရွာသူ ရွာသားများဖြင့် ဆောင်ရွက်ခဲ့ကြရာ ကျေးရွာ ဖွံ့ဖြိုးမှုနှင့်အတူ ကျေးရွာနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလှမ်းများ ရရှိခဲ့ခြင်း၊ VRFP စီမံကိန်း ကျေးရွာ မတည်ရန်ပုံငွေဖြင့် ကျေးရွာနေ ပြည်သူ မိသားစု တပိုင်တနိုင် လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာကြကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/10260