“ကြံကြံခံနိုင်စွမ်း မြင့်မားသည့် ပြန်လည် ထူထောင်ရေး ဆီသို့” - End Poverty Day 2020

(ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးနေ့ ဆွေးနွေးပွဲအား မြန်မာ စာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါပြီ။)

အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့တဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုးတက်မှုရလဒ်တွေအပေါ် ထိခိုက်လျက်ရှိတဲ့အတွက် “ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားတဲ့ ပြန်လည် ထူထောင်‌ရေးဆီသို့ ဘယ်လို တည်ဆောက်ကြမလဲ” ခေါင်းစဉ်ဖြင့် ကမ္ဘာဘဏ်က ဦးဆောင် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်ကလည်း ပါဝင် ဆွေးနွေးခဲ့ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာဘဏ်၏ ပံ့ပိုးမှုဖြင့် ကိုဗစ် ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ နိုင်ငံတစ်ဝန်း စီမံကိန်းများကို ဆောင်ရွက်ရာတွင် “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး (Cash for Work) စီမံကိန်းဖြင့် ကျေးရွာ ပေါင်း ၂၅၀၀ ကျော်တွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်ခဲ့ရသော (အမျိုးသမီး ၄၂ ရာခိုင်နှုန်း ပါဝင်သော) အိမ်ထောင်စုပေါင်း ၃၉၀, ၀၀၀ အား အကျိုးပြုလျက်ရှိပြီး၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) ဖြင့်လည်း ကျေးရွာပေါင်း ၁၇၀၀ ကျော်မှ တောင်သူ လယ်သမားများနှင့် ကုန်ထုတ်လုပ်သူများ အား ပံ့ပိုးပေးလျက် ရှိပါသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးခန့်ဇော် ၏ ဆွေးနွေးချက် အပြည့်အစုံကို မြန်မာ စာတမ်းထိုးဖြင့် ကြည့်ရှု နိုင်ပါပြီ။

“ကိုဗစ်-၁၉ က ကျန်းမာရေး အကျပ်အတည်း တစ်ခု မျှသာ မဟုတ်ပါ၊ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကိုပါ ထိခိုက် စေပါတယ်။ ဒါကြောင့် မြန်မာ့ အဖွဲ့အစည်း အလွှာတိုင်းက စီးပွား‌ရေး ဆုံးရှုံးမှုနဲ့ လူမှုရေး အခက်အခဲများကို ရင်ဆိုင်နေရပါတယ်။ ကျနော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဇွန်လအတွင်း ကောက်ယူခဲ့တဲ့ ကိုဗစ် သက်ရောက်မှု စစ်တမ်းအရ ကိုဗစ် ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကျေးလက်ဒေသ စိုက်ပျိုး မွေးမြူရေး ကဏ္ဍနဲ့ ကုန်စည် စီးဆင်း မှုတို့ အပေါ် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး၊ လုပ်ကွက်ငယ် တောင်သူများနဲ့ အသေးစား စီးပွားရေး လုပ်ကိုင်သူများအတွက် ငွေကြေး အရင်းအနှီး လိုအပ်လျက်ရှိကြောင်း၊ ဆင်းရဲ နွမ်းပါးသူများနဲ့ ကျပန်း အလုပ်အမားများ အတွက် အလုပ်အကိုင်များ ဖန်တီးပေးရန် လိုအပ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်။”

“နိုင်ငံတော် အစိုးရ အနေဖြင့် ကူးစက်ရောဂါကြောင့် ထိခိုက်မှုများ လျော့နည်း သက်သာ စေရန်အတွက် အသေးစား စီးပွား တည်ငြိမ်‌ရေး မူဝါဒများမှ စ၍ အလုပ်လက်မဲ့များအတွက် အလုပ်အကိုင် ဖန်တီးပေးမည့် အစီအစဉ်များ ပါဝင်သော စီးပွားရေး ထိခိုက်မှု ကုစားရေး အစီအစဉ် (CERP) ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ အဆိုပါ စီမံချက်နှင့်အညီ ကျနော်တို့ ဦးစီးဌာန အနေဖြင့် ကမ္ဘာ့ဘဏ်ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုနဲ့ နည်းပညာ ပံ့ပိုးမှု၊ နိုင်ငံတော် အစိုးရမှ ထည့်ဝင်မှုများဖြင့် Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်း ၂ ခုလုံးတွင် လူထု ဗဟိုပြု ဖွံ့ဖြိုးရေး ချည်းကပ်မှု နည်းလမ်း ကျင့်သုံး၍ စီမံကိန်း ကျေးရွာ ကော်မတီများအား ကျေးရွာသူ/ ကျေးရွာသားများမှ ရွေးကောက် တင်မြောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ခံတွေက စီမံကိန်း စီမံသူတွေ အဖြစ် ဆောင်ရွက်ရပါတယ်။ ဒီစီမံကိန်းတွေမှာ ကျေးရွာလူထု ကိုယ်တိုင် မိမိတို့ ကျေးရွာအတွက် စီမံကိန်း လုပ်ငန်းခွဲများ ရွေးချယ် သတ်မှတ်ခြင်း၊ အကျိုးခံစားရမယ့် အိမ်ထောင်စုများ ရွေးချယ်ခြင်း၊ ၎င်းတို့ကိုယ်တိုင် စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် စီမံကိန်း ဆောင်ရွက်ခဲ့မှု အပေါ် စီစစ် အကဲ ဖြတ်ခြင်းနဲ့ လူထု ဆန်းစစ်ပွဲများ ပြုလုပ်ရန် ခွင့်ပြုထားခဲ့ ပါတယ်။”

“ထိခိုက်လွယ်သူများ၊ ထိခိုက်ခံရသည့် ကျေးရွာများ ရွေးချယ် သတ်မှတ်ရာတွင် လူဦးရေး စစ်တမ်းအပေါ် အခြေခံ၍ တွက်ချက် ထုတ်ပြန်ထားသော မြို့နယ် အလိုက် ချို့တဲ့မှု ညွှန်းကိန်း (MDI) များကို အသုံး ပြုပြီးတော့ သက်ဆိုင်ရာ ဒေသန္တရ အစိုးရ အဖွဲ့တွေရဲ့ အကြံဉာဏ်များ ရယူကာ ရွေးချယ် ဆောင်ရွက်ခဲ့ပါတယ်။ အိမ်ထောင်စု အဆင့်များ ရွေးချယ် သတ်မှတ် ရာမှာလည်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း စစ်တမ်း အချက်အလက်များ အပေါ် အခြေခံပြီးတော့ မြေယာမဲ့များ၊ ကျပန်း အလုပ်သမားများနဲ့ နေရပ်ပြန်များကို ဦးစီးပေး ရွေးချယ်ခဲ့ပါတယ်။ ဒီ Cash for Work စီမံကိန်းမှာ လုပ်အားခ ပေးချေမှု မြင့်မားနိုင်စေရန်နဲ့ ဆင်းရဲ နွမ်းပါး သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ အတွက် မြို့နယ် ၂၅၉ မြို့နယ်ရှိ ကျေးရွာ ၂၅၀၅ ရွာမှာ လုပ်သား အင်အား အသုံးပြု ဆောင်ရွက်ရတဲ့ လူမှုရေး အခြေခံ အဆောက်အအုံ လုပ်ငန်း ၄၄၀၂ ခု ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။”

“ယင်းလုပ်ငန်းများကတော့ လမ်းပြုပြင်ခြင်း ၅၈ ရာခိုင်နှုန်း၊ ရေပေးရေး ၂၈ ရာခိုင်နှုန်း၊ ပညာရေး ၆ ရာခိုင်နှုန်းနဲ့ ဒါကြောင့် ဒီကနေ့အထိ လူပေါင်း ၂ ဒသမ ၈ သန်းအတွက် ယာယီ အလုပ်အကိုင်တွေ ရရှိစေခဲ့ပါတယ်၊ နေ့စဉ် လုပ်ခ ကျပ် ၄၈၀၀ မှ ၆၀၀၀ ကျပ် အထိ ရှိပြီး၊ လုပ်အားခ စုစုပေါင်း ၁၇ ဒသမ ၇၈ ဘီလီယံ ရရှိပြီး၊ ယင်းအနက် ၄၂ ရာခိုင်နှုန်းကတော့ အမျိုးသမီး လုပ်သားများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ကိုတော့ လုပ်ကွက်ငယ် တောင်သူတွေနဲ့ အသေးစား စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတွေ အတွက် အသက်မွေးဝမ်းကျောင်းတွေ တိုးတက်စေဖို့နဲ့ ငွေကြေး အရင်းအနှီး ရရှိစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။”

“ဒီ (VRFP) စီမံကိန်းမှာ ကျေးရွာပေါင်း ၁၇၁၀ ရွာရှိ ကျေးလက် အိမ်ထောင်စုပေါင်း တစ်သိန်း ၃ သောင်း ၄ ထောင်ကျော်ကို သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ ချေးငွေ စုစုပေါင်း တန်ဖိုးဟာ မြန်မာ ကျပ်ငွေ ၄၁ ဒသမ ၅ ဘီလီယံ ဖြစ်ပါတယ်။ ယင်းတို့အနက် ချေးငွေ ၅၈ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး လုပ်ငန်းများအတွက် ဖြစ်ပြီး၊ ၂၇ ရာခိုင်နှုန်းကတော့ မွေးမြူရေး လုပ်ငန်းများနဲ့ ကျန် ၁၅ ရာခိုင်နှုန်းမှာ ကုန်သွယ်ရေးနဲ့ အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အတွက်ပဲ ဖြစ်ပါတယ်။ ချေးငွေ ချေးယူသူ ၄၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ပြီး၊ ၎င်းတိုးရဲ့ ချေးငွေ စုစုပေါင်းကတော့ ငွေကျပ် ၁၈ ဒသမ ၃ ဘီလီယံ ဖြစ်ပါတယ်။ အခု ပြောကြားခဲ့တဲ့ လုပ်ငန်းတွေက အရေးပေါ် တုန့်ပြန်မှု လုပ်ငန်းတွေနဲ့ အကျိုးရလာဒ်တွေပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်”

- ဦးခန့်ဇော် ၊ ညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန -

Source: World Bank Myanmar

https://web.facebook.com/WorldBankMyanmar/videos/379099710192285/

For more information: https://www.worldbank.org/.../2020/10/15/endpovertyday2020

#CFW, #NCDDP, #DRD, #MOALI, #WorldBank