ယခု ဘဏ္ဍာနှစ်အတွင်း လူထုဗဟိုပြုစီမံကိန်းကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် ငွေကျပ် ၂၂ ဘီလီယံ သုံးစွဲပြီးတိုးချဲ့ ဆောင်ရွက်သွားမည်

NCDDP to Cover Additional 13 Townships for Project Implementation across the Country

Naypyitaw, 15 October 2020, MRTV Media Coverage

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း ကို မြန်မာ နိုင်ငံ အနှံအပြားရှိ ကျေးလက်ဒေသများမှာ နေထိုင်လျက် ရှိတဲ့ ပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် ကျေးလက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိရာ နေပြည်တောင် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရှိတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ရှိ ကျေးရွာ စုစုပေါင်း ၁၂,၀၀၀ ကျော်မှာ စီမံကိန်း ရန်ပုံငွေကျပ် ၄၄၉ ဘီလီယံ အသုံးပြုပြီး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်း စုစုပေါင်း ၃၆,၀၀၀ ကျော်ကို ပြီးစီအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေးလက်ပြည်သူ ၇ ဒသမ ၃ သန်းခန့်ကို အကျိုးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခု လက်ရှိတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်နှင့် ကယားပြည်နယ်တို့မှ အပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းတွေကို ငွေကျပ် ၂၂ ဘီလီယံ သုံးစွဲပြီး တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်း မန်နေဂျာ ညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောကြားပါတယ်။

“ကျနော်တို့ လူထု ဗဟိုပြု စီမံကိန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကနေ စပြီး လုပ်ခဲ့ပါတယ်။ စပြီးလုပ်တုန်းကတော့ စီမံကိန်း ကို ၁၅ မြို့နယ်လုပ်မယ် ဆိုပြီး လျာထားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သိန်း ၈၀ နဲ့ စတင် ခဲ့ပါတယ်။ လုပ်ငန်း စပြီး တစ်နှစ် အကြာမှာ စီမံကိန်းက ထိရောက် အောင်မြင်မှု ရှိတာကြောင့် နိုင်ငံ တစ်ကာ အဖွဲ့အစည်းတွေရဲ့ စိတ်ဝင်စားမှု ခံရတာကြောင့် ကမ္ဘာဘဏ်က နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ချေးပေးဖို့ အတွက် ကမ်းလှမ်းတယ်။ နောက် အီတလီ အစိုးရရဲ့ နှစ်ရှည် ချေးငွေနဲ့ ချေးယူပြီး ဆောင်ရွက်ဖို့ ကမ်းလှမ်းတယ်။ အဲလိုပဲ DFID တို့ JSDF တို့ စတဲ့ အဖွဲ့အစည်းတွေက ပံ့ပိုးငွေတွေ ပေးတယ်။ အဲတာကြောင့်မို့ စီမံကိန်းက အမေရိကန် ဒေါ်လာ ၅၄၉ သန်းနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရနေပြီး တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၅ သန်းနဲ့ ညီမျှတဲ့ သန်း ၃၀ ကို ၆ နှစ် ဆက်တိုက် ထည့်ဝင်ပြီး စီမံကိန်းကို ဆောင်ရွက်ရပါတယ်။ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၄၉ သန်းနဲ့ ဆောင်ရွက်တာ ၆၃ မြို့နယ် ဆောင်ရွက်ပါတယ်။စီမံကိန်းက တစ်နှစ် စပြီ ဆိုတာနဲ့ လေးနှစ် ဆက်တိုက်ဆောင်ရွက်ပါတယ်။ ၆၃ မြို့နယ်ကို စီမံကိန်း စက်ဝန်း ၄ ခုအတွက် စီမံကိန်း စက်ဝန်း (Cycle) ပေါင်း ၂၅၂ ခု လုပ်ရပါတယ်၊ အခုနောက်ဆုံး ၁၆ မြို့နယ် မှာ စီမံကိန်း စက်ဝန်း ၂ ခုစာ ကျန်ပါတယ်”

“လာမယ့်နှစ် မြို့နယ် ၁၃ မြို့နယ်အတွက် အခုဆိုရင် စပြီး အကောင်အထည်ဖော်နေပါပြီ၊ အကောင်အထည် ဖော်တဲ့ အခါမှာ လက်ကျန် ၁၆ မြို့နယ်နဲ့ စုစုပေါင်း ၂၉ မြို့နယ် ဖြစ်သွားမှာပါ၊ ၁၃ မြို့နယ် အသစ်တိုးတာနဲ့ ဆိုတော့၊ ကျေးရွာ အုပ်စုပေါင်းက ၁၃၀၇ အုပ်စု ရှိပါတယ်၊ ကျေးရွာပေါင်း ၆၅၀၀ ဖြစ်ပါလိမ့်မယ်။ ဒီ တစ်နှစ်အတွက် ရန်ပုံငွေ လျာထားတာက ၆၅ ဘီလီယံပါ၊ ၂၉ မြို့နယ်စာပါ။ အဲမှာ ၁၃ မြို့နယ်က ၂၂ ဘီလီယံ ပါဝင်ပါတယ်။ မြို့နယ် ၁၃ ခုမှာ ကျေးရွာ အုပ်စုအလိုက် ကျေးရွာ အုပ်စု တစ်စုချင်းစီအလိုက် လူဦးရေ အရ ခွဲဝေပြီး လွှဲပို့ ပေးသွားမှာပါ။ မြို့နယ်သစ် ၁၃ မြို့နယ်ကို ရွေးချယ်လိုက်တဲ့အခါမှာ နေပြည်တော်မှာ ဆိုလို့ ရှိရင် ပျဉ်းမနားကော၊ လယ်ဝေးကော ၊ တပ်ကုန်းကော အကောင်အထည်ဖော်ပြီးသွားပါပြီ၊ ဒါကြောင့် နေပြည်တော် ကောင်စီနယ်မြေ ပါဝင်ခြင်း မရှိတော့ပါဘူး၊ ကယားပြည်နယ်မှာလည်း တစ်ပြည်နယ်လုံး ဆောင်ရွက်ပြီးသွားပြီ ဖြစ်တဲ့အတွက် ကယားပြည်နယ်လည်း ပါဝင်ခြင်း မရှိပါဘူး၊ ကျန်တဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုမှာ ၁၃ မြို့နယ် ဆောင်ရွက်သွားမှာပါ။ တစ်နေရာစီမှာ တစ်မြို့နယ်စီ ရွေးချယ်ထားပါတယ်။ အားလုံး တစ်ပြိုင်နက်တည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၂ ဘီလီယံက စုစုပေါင်း ဖြစ်ပါတယ်။ မြို့နယ် အလိုက်ကတော့ မြို့နယ် တစ်မြို့နယ်မှာ ကျေးရွာ အုပ်စုပေါင်း ဘယ်လောက်ရှိတယ်၊ ကျေးရွာ အုပ်စု တစ်အုပ်စုမှာ လူဦးရေပေါင်း ဘယ်လောက် ရှိတယ်ဆိုတာပေါ်မူတည်ပြီး ခွဲဝေ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် တစ်မြို့နယ်နဲ့ တစ်မြို့နယ်တော့ မတူပါဘူး။ ဒီနှစ်မှာတော့ ရွေးချယ်လိုက်တဲ့ မြို့နယ်ထဲမှာ ဧရာဝတီတိုင်း ဒေသကြီး မှာ ရွေးချယ်လိုက်တဲ့ မြို့နယ်ကလွဲပြီး၊ ကျန်မြို့နယ်တွေက အရွယ်အစားအားဖြင့် သိပ်မကွာပါဘူး” --- လူထု ဗဟိုပြု စီမံကိန်း မန်နေဂျာ ညွှန်ကြားရေးမှူး ဦးလှခိုင်

လူထု ဗဟိုပြု စီမံကိန်းဟာ ကျေးရွာ လူထုကိုယ်တိုင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဦးစီးပေး ရွေးချယ် ဆောင်ရွက်ရတဲ့ စီမံကိန်း အမျိုးအစား ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျေးရွာလူထု ကိုယ်တိုင် ရွေးချယ်ဆောင်ရွက်ရတဲ့ လုပ်ငန်း စုစုပေါင်း ၃၆၀၀၀ ကျော်မှာ ရေပေးရေးလုပ်ငန်းပေါင်း ၄၂၄၄ ခု၊ မီးလင်းရေး လုပ်ငန်းပေါင်း ၃၁၄၅ ခု၊ ကျန်းမာရေး အဆောက်အအုံ တည်ဆောက်မှု ၁၉၉ ခု၊ ပညာရေး အဆောက်အအုံ တည်ဆောက်မှု ၅၀၉၃ ခုနဲ့ ရပ်ရွာအခြေခံ အဆောက်အအုံနဲ့ တစ်ခြားလုပ်ငန်းပေါင်း ၄၁၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

သတင်း - အောင်ကျော်မိုး

Credit – MRTV

https://www.mrtv.gov.mm/mm/news-91761

https://youtu.be/bkhncEx6zNY