ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

Union Minister Dr. Aung Thu Attends the Coordination Meeting for Rural Development Sector through Video Conferencing

Naypyitaw, 9 October 2020, Ministry of Information

နေပြည်တော် အောက်တိုဘာ ၉

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦးနှင့် စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခန့်ဇော်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ၊ ခရိုင် နှင့် မြို့နယ် ဦးစီးမှူးများက သက်ဆိုင်ရာ နေရာအသီးသီးမှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားသည့် စီးပွားရေး အကြပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေး အတွက် နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော် လျက်ရှိသည့် "Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်"(CERP)အရ မိမိတို့ဝန်ကြီးဌာန အနေဖြင့် CERP Action Plan 2.1.7 ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် နည်းတူ ဆက်လက် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်ကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြ ရမည်ဖြစ် ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန်၊ အဂတိတရား ကင်းရှင်းပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ပါဝင် ပတ်သက်သူ အားလုံးတို့နှင့် ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်း လုပ်ငန်းများ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ က ဒေသအသီးသီး၏ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများနှင့် မြေပြင်ပကတိအခြေအနေ များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ (၅)နှစ်တာ ကာလအတွင်း ကျေးလက် ရေပေးရေးလုပ်ငန်း (၁၁,၇၆၉)ရွာ၊ ကျေးလက် မီးလင်းရေး လုပ်ငန်း (၈,၅၆၈)ရွာ၊ ကုန်ထုတ်လမ်း (၁,၀၅၄)မိုင် ဆောင်ရွက် ခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်ရေရရှိရေး လုပ်ငန်း ပေါင်း ၄၄၇၉ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်သဖြင့် လူဦးရေ ၃ ဒသမ ၆ သန်းခန့် ကို လည်းကောင်း၊ မြို့ရေပေးရေး စီမံကိန်းကို မြို့ ၁၁ မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့၍ လူဦးရေ ၆ ဒသမ ၂၄ သိန်းခန့် ကိုလည်းကောင်း အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကျေးလက်ကုန်ထုတ်လမ်း ၇၄၁ မိုင် ၃ ဒသမ ၂ ဖာလုံနှင့် ကုန်ထုတ် တံတား ၁၁၀၂ စင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄ ဒသမ ၆၉ သိန်းခန့် ကိုလည်းကောင်း၊ လူထုဗဟိုပြု စီမံကိန်း ကို ကျေးရွာပေါင်း ၆၀၀၁ ရွာ၌ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ လူဦးရေ ၅ ဒသမ ၀၁ သန်းခန့်ကို လည်းကောင်း ၊ မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို စီမံကိန်းယူနစ် ၅၇၀ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၅ သိန်းခန့် ကိုလည်းကောင်း ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၃၄၅၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် လူဦးရေ ၁ ဒသမ ၂၃ သန်းခန့် ကိုလည်းကောင်း ၊ ကျေးလက် အိမ်ရာ အဖြစ် ၂၉၇ လုံး အကောင်အ ထည်ဖော်ဆောင်ရွက် ခဲ့ရာ လူဦးရေ ၁၀၄၀ ဦး ကိုလည်းကောင်း၊ အသက် မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းအဖြစ် အကြိမ်ရေ ၆၇၃ ကြိမ်ဖွင့်လှစ်ပို့ချနိုင်သဖြင့် လူဦးရေ ၁၆၅၅၇ ဦး ကို လည်းကောင်း အကျိုးပြုနိုင်ခဲ့သည်။

CERP အရ ဆောင်ရွက်သည့် Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၂၅၀၅ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၄၄၀၂ ခု ဆောင်ရွက်နိုင်ခဲ့၍ လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်းခန့် အကျိုးပြုခဲ့ပြီး၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း ၁၇၁၀ တွင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၁ ဒသမ ၃၄ သိန်းကျော် ကို လုပ်ငန်း ကဏ္ဍအလိုက် မတည်ရန်ပုံငွေများ ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျေးရွာနှင့် မြို့ပြနေရာ ၃၁၈၆ နေရာတွင် လက်ဆေးဘေစင်ပေါင်း ၄၀၆၃ ခု တပ်ဆင် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄ ဒသမ ၇ သန်းခန့် အကျိုးပြု နိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

#CFW, #CERP, #DRD, #WorldBank, #NCDDP

https://www.moi.gov.mm/index.php/news/6870

Read English Version: https://cdd.drdmyanmar.org/mm/node/55510