တွန်းဇံမြို့နယ် တွီကွေ့ချောင်းကူး ကြိုးတံတားအား ကြည့်ရှု့ စစ်ဆေး

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) မှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ပန်မွာလ်အုပ်စု ပန်မွလ်ကျေးရွာဟောင်း တွီကွေ့ချောင်းကူး ကြိုးတံတား တည်ဆောက် ခြင်းလုပ်ငန်း ပြီးစီးဆောင်ရွက်ခဲ့မှုကိုတော့ မေလ ၃၁ ရက်နေ့မှာ စီမံကိန်း တာဝန်ရှိသူတွေ၊ လူထု စည်းရုံးရေးမှူးတွေနဲ့ လက်ထောက် နည်းပညာမှူးတို့က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

တာဝန်ရှိသူတွေက ကျေးရွာ ကော်မတီတွေနဲ့အတူ ကြိုးတံတား ပြီးစီးဆောင်ရွက်မှုကို ကြည့်ရှု့ စစ်ဆေးပြီး၊ ကြိုးတံတား ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် လမ်းညွှန်ပေးခဲ့ပါတယ်။

 

ကြိုးတံတားကတော့ အရှည် ပေ ၁၀၀၊ အကျယ် ၁၀ ပေနဲ့ အမြင့် ၅ ပေ ဖြစ်ပြီး၊ လူထုဗဟိုပြု စီမံကိန်း ထည့်ဝင်ငွေ ၂၂ ဒဿမ ၃၅၆ သန်း ကျပ်နဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့တာပါ။

 

တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ကျေးရွာအုပ်စု ၃၁ အုပ်စုအတွက် စီမံကိန်း လုပ်ငန်းခွဲပေါင်း ၆၃ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၈၄၀ သန်းကျပ်နဲ့ ဆောင်ရွက်ခဲ့ရာမှာ အခုအခါမှာတော့ ကြိုးတံတား တည်ဆောက်ခြင်း ပြီးစီးခဲ့တာကြောင့် စီမံကိန်း ဒုတိယနှစ် စက်ဝန်းကို ရာနှုန်းပြည့် အောင်မြင်စွာ ပြီးစီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

သတင်း - ဦးဇော်ဝင်း

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank