လူထုဗဟိုပြု စီမံကိန်း လည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး သင်တန်း ဆောမြို့နယ်တွင် ပို့ချ

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ စိုက်ပျိုရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ဆောမြို့နယ် အတွင်းရှိ ကျေးရွာ တွေမှာ စီမံကိန်းက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းခွဲတွေ ရေရှည် တည်တံ့စေဖို့ ပိုင်ဆိုင်မှု အသိစိတ် မြှင့်တက်စေဖို့ ပူးပေါင်းဆောင်ရွက်တတ်စေဖို့ တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားလာစေဖို့နဲ့ အရေးပေါ်အခြေအနေတွေမှာ ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက် ဆောင်ရွက်တတ်လာစေဖို့ ရည်ရွယ်ပြီး၊ လည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး သင်တန်း ကို ဆောမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေက ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီသင်တန်းကို မကွေးတိုင်းဒေသကြီး အခြေခံ အဆောင်အဦးပိုင်းဆိုင်ရာ အင်ဂျင်နီယာတွေက ပို့ချခဲ့ပြီး၊ လူထုစည်းရုံးရေးမှူး ၂၈ ဦးနဲ့ လက်ထောက်နည်းပညာမှူး ၁၈ ဦး စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သင်တန်းကို လက်တွေ့ကွင်းဆင်း လေ့ကျင့်တဲ့အနေနဲ့ လောင်းရှည် ကျေးရွာအုပ်စု လောင်းရှည်ကျေးရွာမှာ ဝန်ထမ်းတွေ အားလုံး ကွင်းဆင်းပြီး သင်တန်းတွေ ပို့ချခဲ့ကာ သင်တန်းပို့ချရာမှာ အားနည်းချက် အားသာချက်တွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank