နိုင်ငံတော်မှ ချမှတ်ထားသော COVID -19 ကာလ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ Cash for Work စီမံကိန်းများ ဆောင်ရွက်လျက်ရှိ

Friday, September 18, 2020

နိုင်ငံတော်မှ ချမှတ်ထားတဲ့ COVID -19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အရ ကျေးလက်နေ ပြည်သူများ စားဝတ်နေရေး ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေး နိုင်ရန် လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုး မွေးမြူ ထုတ်လုပ်သူများနဲ့ အသေးစား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်တဲ့ ငွေကြေး အရင်းအနှီးအဖြစ် မိသားစု ဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး၊ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာမှာ Cash for Work စီမံကိန်းဖြင့် အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်ရှိ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် ရရှိခဲ့ကြောင်း၊ ဒါအပြင် ကျေးရွာ ၁၀ ရွာရှိ ကျေးလက်နေ ပြည်သူ ၁၀၇၀ အတွက် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း VRFP ဖြင့် ငွေကျပ် သိန်း ၂၈၀၀ ကို အတိုးနှန်း ပြား ၅၀ နဲ့ သက်သာစွာ ထုတ်ချေးပေးခဲ့ပါတယ်။

ဒါအပြင် မန္တလေးတိုင်း ဒေသကြီး မတ္တရာ မြို့နယ် သမင်တွင်း ကျေးရွာမှာလည်း Cash for Work စီမံချက်ဖြင့် ရွာတွင်းလမ်း ဂျင်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ရာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ကသာ ခရိုင်အင်းတော် မြို့နယ် အတွင်းမှာလည်း မိုးစပါး မျိုးကောင်း မျိုးသန့် ဖြင့် ထုတ်လုပ် သုံးစွဲနိုင်ရေး CERP ဖြင့် မျိုးစေ့ဖိုး၊ စိုက်စရိတ်နှင့် အပင်ပြုစု စရိတ်များကို ထောက်ပံ့ ကြေး ပေးအပ်ခဲ့ပါတယ်။

တောင်ကြီးမြို့မှာလည်း ကိုဗစ်-၁၉ Relief Package 2 ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု မွမ်းမံ သင်တန်း ဖွင့်လှစ်ခြင်းကို စက်တင်ဘာလ ၁၅ ရက်နေ့က Video Conferencing စနစ်ဖြင့် ၁၅ ရက်ကြာ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - NRC Bureau, ပြန်/ဆက်

#CFW, #CERP, #DRD, #MOALI

Credit – MRTV Media Coverage

https://www.mrtv.gov.mm/mm/news-88796