တွန်းဇံမြို့နယ် ဆိုင်ပီးမွှာလ် ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ရေး ရှင်းလင်း

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံ မြို့နယ် လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ဆိုင်ပီးမွှာလ်ကျေးရွာသို့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် လက်ထောက် နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးများ ပါဝင်တဲ့ စီမံကိန်း တာဝန်ရှိသူများမှ Covid-19 ရောဂါကြောင့် အိမ်ထောင်စုများ ထိခိုက်မှု စစ်တမ်း ကောက်ယူခြင်းနဲ့ စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေးအတွက် ၆-၆-၂၀၂၀ ရက်နေ့မှာ ကွင်းဆင်းကာ ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါတယ်။

တာဝန်ရှိသူများ အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ လူထု ဗဟိုပြု စီမံကိန်း အထောက်အကူပြု ကော်မတီများနဲ့ တွေ့ဆုံရာ နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ Covid-19 ရောဂါကြောင့် အိမ်ထောင်စုများ ထိခိုက်မှု စစ်တမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ တစ်မြို့နယ်လျှင် ကျေးရွာပေါင်း ၂၀ မှာ ပြုလုပ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းနဲ့ စစ်တမ်း ကောက်ခံမှုများမှာ ပါရှိတဲ့ အချက်အလက်များနဲ့ မိမိတို့ ကျေးရွာမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာများကို ရှင်းလင်းကာ ကိုဗစ်ရောဂါ ဖြစ်ပွားမှု ကာလအတွင်း စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တို့ရဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားရန်နှင့် ကျေးရွာလူထုများကိုလည်း အသိပေး ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် လက်ထောက် နည်းပညာမှူး ဒေါ် နိန်ဒိတ်နွမ်းက အခုနှစ်မှာ စီမံကိန်း ရန်ပုံငွေ ၁၅ ဒဿမ ၀ သန်းဖြင့် ဆောင်ရွက်သွားမယ့် ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်းအတွက် ဒီဇိုင်း နဲ့ ခန့်မှန်း ကုန်ကျစရိတ် တွက်ချက်မှုများကို ရှင်းလင်းခြင်း၊ လူထု စည်းရုံးရေးမှူးများမှ အကောင်အထည်ဖော်ရေး အစီအစဉ်၊ ဝယ်ယူရေး အစီအစဉ်နဲ့ ဘဏ္ဍရေး လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ပတ်သတ်ပြီး၊ အများပြည်သူများ သိရှိနိုင်ရန်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း အချက်အလက်များကို လော်စပီကာနဲ့ကြေညာခြင်း၊ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)၊ လူထုဗဟိုပြု စီမံကိန်း (တွန်းဇံ မြို့နယ်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank