ကျေးရွာတွင်း ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီးမြို့ မေ ၂၁

        ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးအုပ်စု၊ တဂေးကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ရွာတွင်းကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို တဂေးကျေးရွာ Church တွင် (၂၁.၅.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

        အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအကြံပေး ဉက္ကဌ ဦးစောဆာလောလ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ယမင်းသင်း၊ မြို့နယ်အကြံပေးအဖွဲ့မှ ဒေါ်ဇာဇာဟန်နှင့် ကြာအင်းရွှေဒိုးအုပ်စု အုပ်စုမှူး ဒေါ်နော်အဲလဲစီ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

        ထို့နောက် ဦးစောဆာလောလမှ အဖွင့်အမှာစကားပြောကြားပြီး အပိတ်ကျေးဇူးတင် စကားကို ဆရာတော်သစ်သမူး မှ ပြောကြားခဲ့ပြီး ကျေးရွာလူငယ်များမှ ကရင်ရိုးရာဒုံးအကဖြင့် ကပြခဲ့ပါသည်။

        အဆိုပါရွာတွင်းကွန်ကရစ်တံတားသည် အလျား ၄၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၈ ပေ ရှာလျားပြီး လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေ ကျပ်သိန်းရှစ်ဆယ် ၈၀၀၀၀၀၀/- ဖြင့် ဆောက်လုပ်ခဲ့သည်။ လူထုထည့်ဝင်လှူဒါန်းငွေ ကျပ် ၁၁၇၆၃၁၀၀/- စုစုပေါင်း ကုန်ကျငွေကျပ် ၁၉၇၆၃၁၀၀ ကျပ် ဖြစ်ပါသည်။ ရွာတွင်းကွန်ကရစ်တံတားဆောက်လုပ်ခြင်းကြောင့် ကျေးရွာလူထုနှင့် တွေ့ဆုံမေးမြန်းရာတွင် ကျေးရွာလူထုအတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေးသာမက စီးပွားရေး၊ ကျန်းမာရေးများပါ ပိုမိုအဆင်ပြေကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

        ထို့နောက် ဆက်လက်၍ ရွာတွင်းကွန်ကရစ်တံတားနှင့်ပတ်သက်၍ ကျေးရွာလူထုမှ ကျေနပ်မှုရှိ၊မရှိကို လူထုစစ်ဆေးပွဲပြုလုပ်ကာ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ကျေးရွာလူထု ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။