ကျောက်ကြီးမြို့နယ်တွင် ကျေးရွာအစည်းအဝေးနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများ ၁၅ ရွာတွင် ကျင်းပ ပြီးစီး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာဘဏ် နည်းပညာအကူအညီဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်ဝန်း) အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိနေသော ကျေးရွာများရှိ စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျေးရွာအစည်းအဝေးနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီအတွင်း ကျေးရွာပေါင်း ၁၅ ရွာတွင် တတိယ အကြိမ်မြောက် အစည်းအဝေးများကို ကျင်းပပြီးစီးခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းမှ လူထုစည်းရုံးရေးမှူး၊ လက်ထောက်နည်းပညာမှူးများမှ ဦးဆောင်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာ ရာအိမ်မှူးများ ၊ရပ်မိ ရပ်ဖများ၊ ကျေးရွာသူ/သားများအား စီမံကိန်း လုပ်ငန်းခွဲများအတွက် ရံပုံငွေလက်ခံရရှိမှုအခြေအနေများ၊ မြို့နယ်သို့တင်ပြထားသောစီမံကိန်းလုပ်ငန်းခွဲများ အတည်ပြု ခွင့်ပြုချက်ရရှိသည့် အခြေအနေများအား ပြန်လည်မျှဝေဆွေးနွေးပြီး၊ အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်စဉ် စံချိန်စံညွန်းပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာလူထုထံမှ မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိစေရေး နည်းပညာအကြံအဉာဏ်များ ညှိနှိုင်းဆွေးနွေးခြင်း၊ လုပ်ငန်းအစီအစဉ်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုကာကွယ်ရေး ဆိုင်ရာ အကာအကွယ် အစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်မည့် နည်းလမ်းများရွေးချယ်ခြင်းနှင့် လိုအပ်သောပစ္စည်းများ၊ ရရှိနိုင်မည့် အရင်းအမြစ်များနှင့် ပစ္စည်းတန်ဖိုး၊ အရည်အသွေးနှင့် အကောင်အထည်ဖော်ရေး အစီအစဉ်များကို အသေးစိတ် ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြပါသည်။

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ကျေးရွာ အစည်းအဝေးများကို သောင်လယ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ကြက်တက်ညောင်ပင်ကျေးရွာ၊ မြောင်းရိုးကြီး ကျေးရွာ၊ ညောင်ပင်ဆိပ် ကျေးရွာ၊ မွေတွင်း ကျေးရွာ၊ ဆင့်ဂေါင်းကျေးရွာ၊ ဆင်ဆိပ်ကျေးရွာ၊ တုံးတောကျေးရွာ၊ မီးတိုင်တော ကျေးရွာ၊ ကျောင်းစု ကျေးရွာ၊ ကော့ပြင်းကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာ၊ မြောင်းဦးကျေးရွာ တို့အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာတွင် တတိယ အကြိမ်မြောက် အစည်းအဝေးများ ကျင်းပ ပြီးစီးခဲ့ရာ စုစုပေါင်း ၁၅၄၀ ဦး တက်ရောက်ခဲ့ပါသည်။